သုံးပတ်တာ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုလဲ ပကဖ ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Sep 30, 2023

ယင်းမာပင်ခရိုင် ၊ပုလဲမြို့နယ်အတွင်းသို့ စစ်ကောင်စီ၏ ရန်ကုန်အခြေစိုက် ခမရ(၇၀၃) တပ်ရင်း စစ်ကြောင်းမှ စက်တင်ဘာ (၉) ရက်နေ့မှ စက်တင်ဘာ (၂၇) ရက်အထိ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့မှုကို ပုလဲမြို့နယ် အခြေစိုက် တပ်ရင်းတပ်ဖွဲ့(၁၃)ဖွဲ့တို့ ပူးပေါင်းကာ ခုခံတိုက်ပွဲဝင်ခဲ့ပြီး သုံးပတ်တာကာလအတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်လာသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပျူစောထီးရွာများဖြစ်သော အင်မထီးရွာနှင့် ဇီးဖြူကုန်းရွာများအတွက် စားနပ်ရိက္ခာများအား ပြည်သူများထံမှ လုယူပေးခြင်း၊ အနီးအနားပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဝင်ရောက်ကာ အရပ်သားပြည်သူများ၏ နေအိမ်နှင့် ဘုန်းကြီးကျောင်းပါမချန် ဝင်ရောက်မွှေနှောက်ကာ အဖိုးတန်လက်ဝတ်ရတနာများ၊ ပိုက်ဆံများ၊ ဆန်၊ ဆီနှင့် အခြား‌ စားသောက်ကုန်များကို အတင်းအဓမ္မ လုယူခြင်းများ လုပ်ဆောင်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးသွားရာ တလျှောက်တွင် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ၏ ပြောက်ကျားတိုက်ခိုက်မှု (၃) ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု (၃) ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု (၂) ကြိမ်၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း အကြိမ်(၅၀) ကျော် တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သား (၅) ဦးထက်မနည်းသေဆုံးကာ၊ ပျူစောထီးအဖွဲ့ဝင် တစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ (၁၀) ဦးကျော်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ဒရုန်းဖြင့် အကြိမ်(၅၀) ကျော်တိုက်ခိုက်ခဲ့ရာတွင် အင်မထီးရွာ၊ ဇီးဖြူကုန်းရွာ၊ ကန်ဒေါင့်ရဲစခန်းနှင့် ပုလဲမြို့ပေါ်ရှိ စစ်‌ကောင်စီတပ် အခြေစိုက်စခန်းများကို အဓိကတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်စခန်းအပျက်အစီး၊ အသေအပျောက်များရှိကြောင်းနှင့် စစ်ဆင်ရေးကာလအတွင်း 12 Volt ရိုင်ဖယ်တစ်နက်တစ်လက်၊ 12 Volt ကျည် (၄၈) တောင့်၊ RPG ထိပ်ဖူးတစ်ခု၊ ဆက်သွယ်ရေးအင်တာနာတိုင် (၃) ခု၊ ပျူစောထီးအဖွဲ့ဝင် အလောင်းတစ်လောင်း၊ နွားလှည်းတစ်စီး၊ နွားတစ်ကောင်၊ ဆန်(၂) အိတ်နှင့် စားသောက်ကုန်များ သိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီဘက်မှလည်း Mi-35 စစ်ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်၊ အင်မထီးကျေးရွာသို့ Mi-17 စစ်ထောက်ပို့ယာဉ်ဖြင့် လက်နက်၊ခဲယမ်း ရိက္ခာဖြည့်တင်းမှု နှစ်ကြိမ်ပြုလုပ်ကာ ပြန်လည် တိုက်ခိုက်ခဲ့သည့်အတွက် ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်(၃) ဦး အသေးစားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီစစ်ကြောင်းကို ခုခံတိုက်ခိုက်ရာတွင် ပုလဲမြိုနယ် အခြေစိုက် တပ်ရင်းတပ်ဖွဲ့များမှာ ယာင်းမာပင်ခရိုင်တပ်ရင်း အမှတ် (၇၊ ၈၊ ၁၀၊ ၁၂၊ ၁၉၊ ၃၈) ၊ ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ မြန်မာနိုင်ငံကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရဲခေါင်ပြောက်ကျား ပြောက်ကျားတပ်ဖွဲ့၊ ကိုယ်ပျောက်ဆင်ကြီးအဖွဲ့၊ God of Myaing၊ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်ဦး(BLDF)၊ ပုလဲမို့နယ် ဒရုန်းတပ်ဖွဲ့တို့ ဖြစ်ကြပြီး စစ်ဆင်ရေးကာလအတွင်း ယင်းမာပင်ခရိုင်တပ်ရင်း(၃၊၄၊၅၊၆၊၁၁)၊ ဒေါင်းညိုတပ်ဖွဲ့ဖ ပုဆိုးလေးအဖွဲ့နှင့် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တို့ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။