သုံးနိုင်ငံပေါင်းထုတ်မည့် အဆင့်မြင့် ဂျက်လေယာဉ်များ နိုင်ငံ ၁၅ ခုသို့ တင်ပို့ရောင်းချရန် ဂျပန်အတည်ပြု

Author လင်းနွေဦး
Categories
Published on Mar 26, 2024

ဗြိတိန်၊ အီတလီနှင့် ဂျပန်နိုင်ငံတို့က ပူးပေါင်းထုတ်လုပ်မည့် မျိုးဆက်သစ် ဂျက်လေယာဉ်များကို ကာကွယ်ရေးမိတ်ဖက်နိုင်ငံများအပါအဝင် နိုင်ငံ ၁၅ ခုသို့ တင်ပို့ရောင်းချမည်ဖြစ်သည်ဟု ဂျပန်အစိုးရက ယနေ့ မတ်လ ၂၆ ရက် အင်္ဂါနေ့တွင် အတည်ပြုလိုက်ကြောင်း နိုင်ငံတကာသတင်း မီဒီယာများ ရေးသားဖော်ပြချက်အရ သိရသည်။

 

ထိုဂျက်ဖိုက်တာသစ်ကို ပုံစံငယ်အဖြစ် ထုတ်လုပ်ထားပြီးဖြစ်သည်။ ဂျပန်၏ ကာကွယ်ရေးမိတ်ဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ဂျာမနီ၊ အိန္ဒိယ၊ ဗီယက်နမ်နိုင်ငံတို့ကို လေယာဉ်အရောင်းစာရင်းထဲ ထည့်သွင်းထားသည်။

 

သို့သော် တရုတ်နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် ကိုယ်ပိုင်အုပ်ချုပ်ရေးစနစ်ဖြင့် ဒီမိုကရေစီနည်းကျလည်ပတ်နေသော ထိုင်ဝမ်ကျွန်းစုနိုင်ငံကိုမူ အရောင်းစာရင်းထဲ ထည့်သွင်းစဉ်းစားဦးမည်မဟုတ်ကြောင်း အမည်မဖော်လိုသူ ဂျပန်ကာကွယ်ရေးအရာရှိတစ်ဦးက CNN သတင်းဌာနသို့ ပြောကြားသည်။

 

ယခင် ဂျပန်နိုင်ငံမှ ဝယ်ယူအသုံးပြုနေသည့်ဂျက်ဖိုက်တာများမှာ အမေရိကန်ထုတ် F-2 အမျိုးအစားနှင့် ဗြိတိန်နှင့် အီတလီနိုင်ငံများတွင် အသုံးပြုနေသော Eurofighter Typhoons ဂျက်ဖိုက်တာများဖြစ်သည်။ ထိုနေရာတွင် အစားထိုးနိုင်ရန်ရည်ရွယ်၍ ယခုကဲ့သို့ သုံးနိုင်ငံပူးပေါင်းကာ မိုးသက်မုန်တိုင်း(TEMPEST)အမည်ရ မျိုးဆက်သစ် ဂျက်ဖိုက်တာကို ထုတ်လုပ်ရန်ပြင်ဆင်ခြင်းဖြစ်သည်။

 

F-X အမည်ဖြင့် ဒီဇိုင်းချထားသည့် ဂျက်ဖိုက်တာ ထုတ်လုပ်ရေးပရောဂျက်အပြင် TEMPEST ဂျက်ဖိုက်တာ ထုတ်လုပ်ရေးပရိုဂရမ်တို့ကို ဗြိတိန်၊ အီတလီအစိုးရတို့ဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက ပူးပေါင်းထုတ်လုပ်ရန်သဘောတူညီမှုရရှိထားသည်။ ယခုအခါ TEMPEST ထုတ်လုပ်ရေးပရိုဂရမ်အပြီး ဂျပန်က ယခုကဲ့သို့ ပြည်ပတင်ပို့မှုများအထိ ပြုလုပ်ရန်အတည်ပြုခဲ့ခြင်းဖြစ်သည်။

 

“လေယာဉ်အသစ်တွေဟာ အာရုံခံမှုပိုင်းတွေ၊ တိုက်ပွဲအတွင်း တည်ငြိမ်စွာ ထိန်းချုပ်နိုင်မှုအပိုင်းတွေနဲ့ တရုတ်နဲ့ ရုရှားတို့ကြောင့် ဖြစ်ပေါ်လာတဲ့ ဒေသတွင်း တင်းမာမှုတွေကို နည်းပညာပူးပေါင်းမှုနဲ့အတူ ဖြေလျှော့ဖို့ မျှော်လင့်ထားပါတယ်” ဟု ဂျပန် ကာကွယ်ရေးဝန်ကြီး မီနိုရု ကီဟာရာ(Minoru Kihara)က ၂၀၂၃ ခုနှစ် သုံးနိုင်ငံကာကွယ်ရေး ဝန်ကြီးများနှင့်အတူ ပြုလုပ်သည့် တိုကျိုမြို့ GCAP ပူးပေါင်းပရိုဂရမ် သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့သည်။

 

နိုင်ငံတကာမှ ဂျပန်၏ မျိုးဆက်သစ် ဂျက်ဖိုက်တာများ ရောင်းချမည့်အပေါ် စိုးရိမ်မှုများရှိနေသည်။ အထူးသဖြင့် အတိုက်အခံ ဥပဒေပညာရှင်များနှင့် လက်နက်ကန့်သတ်ထိန်းချုပ်ရေး တက်ကြွလှုပ်ရှားသူများက ယခုကဲ့သို့ ဂျက်ဖိုက်တာများ ရောင်းချမည်ကို ပြည်သူလူထုသို့ ရှင်းလင်းချပြခြင်းနှင့် အဓိက မူဝါဒရေးရာပြောင်းလဲမှုများ ရှိမရှိတို့နှင့်ပတ်သက်၍ မေးခွန်းထုတ်မှုများရှိနေကြောင်း နိုင်ငံတကာမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

 

ထိုမေးခွန်းများနှင့်ပတ်သက်၍ “ခုတလောမှာတော့ ဂျက်ဖိုက်တာတွေမှာ တွဲဖက်အသုံးပြုရမယ့် လူသေစေတတ်တဲ့လက်နက်တွေ ထုတ်လုပ်တင်ပို့မှုကို ကန့်သတ်ထားမှာဖြစ်ပါတယ်။ စစ်ပွဲတွေမှာ အသုံးပြုဖို့ရည်ရွယ်ချက်နဲ့ ရောင်းချမှာမဟုတ်ပါဘူး။ တကယ်လို့ ဝယ်ယူတဲ့နိုင်ငံတွေအနေနဲ့ စစ်ပွဲအတွက် အသုံးပြုလာမယ်ဆိုရင်တော့ ဂျပန်အနေနဲ့ လေယာဉ်အတွက် အပိုပစ္စည်းတွေနဲ့ တခြားဆက်စပ်ပစ္စည်းတွေအတွက် ထောက်ပံ့မှုရပ်ဆိုင်းပါမယ်” ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးက နိုင်ငံတကာသတင်းဌာနများသို့ ပြောသည်။

 

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ(Fumio Kishida)အနေဖြင့် လာမည့် ဧပြီလအတွင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီသို့သွားရောက်ကာ အမေရိကန် ခေါင်းဆောင်များဖြင့် ကာကွယ်ရေးလက်နက်များ ပူးပေါင်းထုတ်လုပ်ရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန်ရှိသည့်အတွက် ဂျပန်သည် ၎င်း၏ကာကွယ်ရေးမိတ်ဖက်နိုင်ငံများအပေါ် အပေါင်းလက္ခဏာဆောင်သော တိုးတက်မှုများ ဖြစ်လာစေလိမ့်မည် ဖြစ်ကြောင်း AP သတင်းဌာနက ဖော်ပြသည်။

 

ဒုတိယကမ္ဘာစစ်ပြီးနောက် စစ်ဘက်ဆိုင်ရာအသုံးစရိတ်လျှော့ချကာ ပြည်ပလက်နက်တင်ပို့ရောင်းချမှုများ ကန့်သတ်ခံရမှုနှင့်အတူ သဘောတူစာချုပ်များ ရေးထိုးခဲ့ရသည့် ဂျပန်နိုင်ငံသည် ကွယ်လွန်ခဲ့ပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး တာဝန်ယူချိန်မှစတင်ကာ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်များကို ပြန်လည်မြှင့်တင်ခဲ့ရုံမက စစ်အေးကာလအတွင်း အင်အားတိုးမြှင့်မှုများကိုပါ ပြန်လည်ပြုလုပ်ခဲ့သည်။