သုံးထိပ်စီး မပြောင်းနိုင်သေးသည့် ရွှေ နှင့် ဒေါ်လာ

Author နီနီ
Categories
Published on Sep 12, 2022

ရွှေနှင့်ဒေါ်လာဈေးသည် အမြင့်ဈေး၌ပင် ကျဆင်းသွားခြင်းမရှိသေးဘဲ ရွှေတစ်ကျပ်သားလျှင်သိန်း ၃၀ ကျော်၊ အမေရိကန် တစ်ဒေါ်လာလျှင် ၃ထောင် ကျပ်ကျော်ဖြင့် အမြင့်ဈေးတန်း၌ ဆက်လက်တည်ရှိလျက်ရှိသည်ကို တွေ့ရသည်။

အဆိုပါ ရွှေဈေးနှင့် ဒေါ်လာဈေးသည် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသကဲ့သို အပြန်အလှန်အမှီပြုနေပြီး ဒေါ်လာဈေး မြင့်တက်နေသမျှ ရွှေဈေးသည်ပင် အမြင့်တက်လျက်ရှိနေဦးမည်ဖြစ်သည်။

ပြီးခဲ့သည့် သြဂုတ် ၂၆ ရက်က ဒေါ်လာဈေးသည် ၃၁၀၀ ကျပ် ဝန်းကျင်ရှိခဲ့ပြီး၊ ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းနှင့် ၃သောင်းကျပ် ဝန်းကျင် ရှိခဲ့ရာမှ သြဂုတ် ၃၀ ရက်တွင် ဒေါ်လာဈေးသည် ၃၅၀၀ ကျပ် ဝန်းကျင်ထိမြင့်တက်လာခဲ့ပြီး ရွှေဈေးတစ်ကျပ်သားလျှင် သိန်း ၃၀နှင့် ၅သောင်းဝန်းကျင်ထိ ဈေးနှုန်းများမြင့်တက်လာခဲ့သည်။

ထိုသိုမြင့်တက်လာသည်မှာ အမြင့်ဆုံးဈေးဖြစ်သည့် ရွှေတစ်ကျပ်သားလျှင် ၃၈ သိန်းကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၄၅၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခံပြီးနောက် အရောင်းအဝယ်အားလုံး ရပ်နားသွားခဲ့ကြောင်း သိရသည်။

ထို့နောက် စံချိန်တင်ဈေးမှ အမြင့်ဈေးတန်းသို့ ပြန်လည် ကျဆင်းလာခဲ့ပြီး သိန်း ၃၀ကျော် ဈေးတန်းဖြင့် ငြိမ်သက်စွာရပ်တည်နေပြီး အရောင်းအဝယ်များသည်လည်း အေးနေဆဲပင်ဖြစ်ကြောင်း ရွှေလုပ်ငန်းရှင်များက ဆိုကြသည်။

“အမြင့်ဈေးတန်းနဲ့ ကတော့ အရောင်းအဝယ်မဖြစ်ဘူး၊ အခုလဲအေးနေတာဘဲ ရောင်းဝယ်ဝယ်ဆိုရင်တောင် သိပ်မလုပ်ရဲကြဘူးလေ ကြောက်နေရတာ၊ ရွှေဈေးကို အဓိက တွက်တာက ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းဒေါ်လာဈေး အတက်အကျတွေပေါ်မှာ တွက်တာဖြစ်လို့ ဒေါ်လာတက်နေသမျှ ရွှေဈေးမကျနိုင်ဘူး”ဟု ရွှေလုပ်ငန်းရှင် တစ်ဦးကပြောသည်။

ယနေ့ စက်တင်ဘာ ၁၂ ရက်၏ ပြင်ပရွှေဈေးမှာ ရွှေတစ်ကျပ်သားလျှင် သိန်း ၃,၀၈၀,၀၀၀ ကျပ်ရှိပြီး အမေရိကန် တစ်ဒေါ်လာလျှင် ၃၅၀၀ ကျပ် အထိ ပေါက်ဈေးရှိကြောင်း သိရသည်။ သိုသော်လည်း ရွှေလုပ်ငန်းရှင်များ၏ ယနေ့ပေါက်ဈေးမှာတော့ ရွှေတစ်ကျပ်သားလျှင် ၂,၀၁၇,၀၀၀ ကျပ် နှင့် အမေရိကန် တစ်ဒေါ်လာလျှင် ၂၁၀၀ ကျပ် တိုဖြင့်သာ အဖွင့်ဈေး သတ်မှတ်ထားကြောင်း သိရသည်။