သုံးခွမြို့နယ်တွင် စိုက်ဘဏ်ဝန်ထမ်းမှ တောင်သူများ ပြန်လည် ပေးဆပ်ထားသည့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်းနှစ်ထောင်ကျော်အား လိမ်လည်သွား

Author ကိုပေါက်
Categories
Published on Jul 30, 2023

သုံးခွမြို့နယ် ကျေးရွာ ၂၂ ရွာမှာရှိသည့် တောင်သူများ ပြန်လည်ပေးသွင်းထားသည့် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်သိန်း နှစ်ထောင်ကျော်အား မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ် ဝန်ထမ်းမှ လိမ်လည်ထွက်ပြေးသွားခြင်းကြောင့် တောင်သူများအနေဖြင့် ချေးငွေ ထပ်မံပေးသွင်းရမည့် အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံ တောင်သူများထံမှ သိရသည်။

ဇူလိုင်လအတွင်း သုံးခွမြို့နယ် မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်သို့ တောင်သူများ လာရောက်ပေးဆပ်ထားသည့် ၂၀၂၁ – ၂-၂၀၂၂ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်ရှိ ကွန်ပျူတာစာရေး ဦးအောင်ကိုကိုထွန်းမှ လိမ်လည်သွားခြင်း ဖြစ်ကြောင်း သိရသည်။

“လယ်သမားတွေကို ပေးတဲ့ ချလံကလည်းအတု စာအုပ်ထဲမှာ အသွင်းပြတယ် လယ်သမားတွေရှေ့မှာ ဘဏ်မန်နေဂျာလည်းသိတယ် ချေးငွေပြန်မဆပ်လို့ စစ်တပ်ရောက်လာမှ လယ်သမားတွေ သိတာ” ဟု ဒေသခံတောင်သူတစ်ဦးက ပြောသည်။

သုံးခွမြို့နယ် မင်းရွာ ၊အိဿယျကျေးရွာ ၊ကျားဝင်းကျေးရွာ စသည့် ကျေးရွာများမှ တောင်သူများကို သုံးခွမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနှင့် ဘဏ်မန်နေဂျာက ခေါ်ယူတွေ့ဆုံကာ လိမ်လည်ထုတ်သွားသည့် ဘဏ်ဝန်ထမ်း မိသားစုဝင်နှင့် ညှိနှိုင်းပေးခဲ့သည်ဟု ဒေသခံတောင်သူများက ပြောသည်။

“ဗိုလ်မှူးက လယ်သမားတွေဆီက လိမ်သွားသည့်လူကို မဖမ်းဘဲနဲ့ ညှိပေးတယ် ငါးဆယ်ရာခိုင်နှုန်း ပြန်ပေးမယ် လက်မခံရင် တိုင်ချင်ရာတိုင်လို့ ပြောတယ် လယ်သမားတွေ ဒုက္ခရောက်နေတယ်”ဟု ပြောသည်။

လက်ရှိအခြေအနေထိ ဘဏ်ဝန်ထမ်း လိမ်လည်သွားသည့် သိန်းနှစ်ထောင်နီးပါးကို မရရှိသော်လည်း လယ်ယာ
စိုက်ပျိုးရေးဘဏ်ကို ပေးသွင်းရမည့် ငွေသိန်းနှစ်ထောင်ကို လယ်သမားများက ထပ်မံ ပေးသွင်းထားရကြောင်း ဒေသခံ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။