သုတေသနအသစ်တစ်ခုအရ စာတွေကို လက်ရေးနဲ့ ချရေးခြင်းက ဦးနှောက်အာရုံကြောချိတ်ဆက်မှုတွေကို ပိုမိုအားကောင်းစေ

Author ဇက်
Categories
Published on Feb 04, 2024

လွန်ခဲ့တဲ့ လပိုင်းက ထုတ်ဝေခဲ့တဲ့ သုတေသနအသစ်တစ်ခုအရ ဒစ်ဂျစ်တယ်နည်းနဲ့ စာစီစာရိုက်လုပ်တာထက် စာရွက်ပေါ်မှာ လူကိုယ်တိုင် လက်နဲ့ ချရေးတာဟာ ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ချိတ်ဆက်မှုတွေကို ပိုမိုအားကောင်းစေတယ်လို့ သိရပါတယ်။ အဲဒီသုတေသနမှာ ဖော်ပြထားချက်အရ အကြောင်းအရာတွေကို စာစီစာရိုက်လုပ်တာထက် လက်ရေးနဲ့ ချရေးပြီး မှတ်သားတာက ဦးနှောက်မှာရှိတဲ့ သင်ကြားသင်ယူမှုဆိုင်ရာ အစိတ်အပိုင်းတွေနဲ့ မှတ်ဉာဏ်နဲ့ ပတ်သက်တဲ့ နယ်ပယ်တွေကို ပိုမိုနှိုးကြားလာစေတယ်လို့ ဆိုထားတာပါ။

 

သုတေသနပညာရှင်တွေက အထက်တန်းနဲ့ ကောလိပ် ကျောင်းသားအရွယ်ကလေးတွေကို စာစီစာရိုက်လုပ်တဲ့ အချိန်နဲ့ စာရွက်ပေါ် လက်ရေးနဲ့ ချရေးတဲ့ အချိန် နှစ်ချိန်မှာ သူတို့ရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ဆန်းစစ်ကြည့်ပြီး ဘယ်လိုကွာခြားမှုတွေ ရှိလဲဆိုတာ လေ့လာပါတယ်။ အဲဒီလို လေ့လာတဲ့အခါမှာ လက်ရေးနဲ့ ချရေးတဲ့အချိန် ကျောင်းသားတွေရဲ့ ဦးနှောက်တွင်းက မှတ်ဉာဏ်ဖြစ်ပေါ်မှုနဲ့ဆိုင်တဲ့ ဦးနှောက်လှိုင်းတွေနဲ့ အာရုံကြောချိတ်ဆက်မှုတွေက စာစီစာရိုက်လုပ်တဲ့ အချိန်ကထက် သိသိသာသာ ပိုများတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ အဲဒီသုတေသနက ပါဝင်သူတွေကို စကားလုံးတွေ ပေးပြီး စာရိုက်တဲ့နည်းနဲ့ ရေးခိုင်းပါတယ်။ ပြီးတော့ လက်ရေးနဲ့ ချရေးခိုင်းပါတယ်။ အဲဒီလို နှစ်မျိုးနှစ်စား လုပ်ဆောင်တဲ့အခါမှာ အဲဒီဆောင်ရွက်ချက် အထမြောက်ဖို့အတွက် ဦးနှောက်က ဘယ်လိုဆောင်ရွက်ပေးရလဲဆိုတာကို တိုင်းတာပါတယ်။ အဲဒီလို တိုင်းတာတဲ့အခါမှာ လက်ရေးနဲ့ ချရေးတဲ့အချိန် ဦးနှောက်ရဲ့ မှတ်ဉာဏ်နဲ့ ဆိုင်တဲ့ ကြိမ်နှုန်းနိမ့်လှိုင်းတွေက ပိုအလုပ်လုပ်ရတာကြောင့် ချရေးတဲ့ အကြောင်းအရာတွေကို မြန်မြန်နဲ့ ကြာကြာ မှတ်မိစေနိုင်တယ်လို့ ဆိုလာတာပါ။

 

ပညာရှင်တွေအနေနဲ့ ဘယ်လိုအကြောင်းကြောင့် လက်ရေးနဲ့ ချရေးခြင်းက ဦးနှောက်မှတ်ဉာဏ်စွမ်းအားကို ပိုမိုအားကောင်းလာစေတယ်ဆိုတာကို လေ့လာနေဆဲ ဖြစ်ပေမဲ့ လက်ရေးနဲ့ ချရေးတာကြောင့် ဦးနှောက်ရဲ့ သတင်းအချက်အလက်ပိုင်း သိမ်းဆည်းနိုင်စွမ်းကတော့ သေချာပေါက် တိုးတက်လာတယ်လို့ ဆိုပါတယ်။

 

ဒီသုတေသနနဲ့ ပတ်သက်လို့ မေးခွန်းထုတ်ချင်စရာ ကိစ္စတွေ ရှိလာပါတယ်။ နမူနာအနေနဲ့ ဆိုရရင် လက်ရှိ တွင်တွင်ကျယ်ကျယ်သုံးနေတဲ့ ဒစ်ဂျစ်တယ်စာစီစာရိုက်နည်းတွေ ဆက်မလုပ်တော့ဘဲ လက်ရေးနဲ့ ချရေးတဲ့နည်းကိုပဲ အစားထိုးသုံးရမှာလားဆိုတာပါ။ ပညာရှင်တွေကတော့ လက်ရေးနဲ့ ချရေးတာဟာ မှတ်ဉာဏ်စွမ်းအားကို ပိုမိုအားကောင်းစေပြီး ဦးနှောက်နဲ့ အာရုံကြောပိုင်းမှာလဲ သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ အကျိုးများစေတဲ့ ကိစ္စတွေရှိတာ မှန်ပေမဲ့ လုပ်ငန်းဆောင်တာတွေ ဆောင်ရွက်ရာမှာတော့ စာစီစာရိုက်နည်းက အချိန်ကုန်သက်သာစေသလို အလုပ်ကိုလဲ ပိုတွင်ကျယ်စေတယ် ဆိုပါတယ်။

 

နမူနာအနေနဲ့ စာအုပ်တွေ ရေးသားတာ၊ အက်ဆေးတွေ ရေးတာနဲ့ လက်ရေးနည်းနဲ့ လုပ်လို့ အဆင်မပြေတဲ့ လုပ်ငန်းတွေမှာတော့ စာရိုက်တဲ့ နည်းကို သုံးသင့်ပါတယ်။ ဒါပေမဲ့ နေ့စဉ်မှတ်တမ်းရေးတာနဲ့ မှတ်စုထုတ်တာလို အပေါ့စားလုပ်ငန်းဆောင်တာတွေအတွက်ကိုတော့ လက်ရေးနည်း သုံးပြီး လုပ်သင့်တာမျိုးပါ။ ဘယ်နည်းကို ဘယ်လို လုပ်ငန်းမှာ သုံးရမယ်ဆိုတဲ့ သတ်မှတ်ချက်မျိုး မရှိတာကလည်း ကာယကံရှင်ရဲ့ အခြေအနေနဲ့ သင်ကြားမှုပုံစံအပေါ် မူတည်နေတာမျိုးပါ။

 

ဒီသုတေသနက ကျောင်းသားတွေအပေါ် အခြေခံပြီး ဆောင်ရွက်ထားတာ ဖြစ်လို့ ပညာရေးနယ်ပယ်ဘက်မှာ အချိုးအကွေ့တစ်ရပ် ဖြစ်လာနိုင်တယ်လို့ သုတေသနထဲမှာ မှတ်ချက်ပြုထားပါတယ်။ စာသင်ကျောင်းတွေက အခုနောက်ပိုင်းမှာ ဒစ်ဂျစ်တယ်စာသင်ကြားရေးစနစ်တွေ သုံးပြီး သင်ကြားလာကြတာမျိုးကြောင့် ကျောင်းသားအများစုကလဲ နည်းပညာအားကိုးနဲ့ သမရိုးကျ နည်းတွေကို စွန့်ပယ်လာကြတာ ကြာပါပြီ။ ဒါပေမဲ့ သင်ကြားသင်ယူမှုနဲ့ စတင်ထိတွေ့တဲ့ မူလတန်းအရွယ်ကလေးတွေကိုတော့ အခုလိုမျိုး လက်ရေးနည်းကို တွင်တွင်ကျယ်ကျယ်သုံးပြီး သင်ရိုးတစ်ရပ် ဖွဲ့စည်းတည်ဆောက်နိုင်မယ်ဆိုရင် ရေရှည်မှာ အတော်လေး အကျိုးများနိုင်ပါတယ်။

 

Source – ScienceNews

 

ဓာတ်ပုံ – RAFA FERNANDEZ TORRES/MOMENT/GETTY IMAGES