သီပေါတွင် SSPPနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုရှိ

Author ခေတ်နီ
Categories
Published on Nov 26, 2022

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ကုန်းသာကျေးရွာတွင် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSAနှင့် စစ်ကောင်စီတပ်တို့ ယမန်နေ့ နိုဝင်ဘာလ ၂၅ရက်နံနက်ပိုင်းတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ထိခိုက်မှုများ ရှိကြောင်း SSPP Infoမှ သတင်းထုတ်ပြန်ထားသည်။

သီပေါမြို့နယ် ကုန်းသာကျေးရွာတွင် ပြုလုပ်နေသည့် ရှမ်းနှစ်သစ်ကူးပွဲနှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲတွင် SSPPတပ်ဖွဲ့မှ လုံခြုံရေးရယူပေးနေစဥ် အင်အား ၈၀ ခန့်ရှိသည့် စစ်ကောင်စီ၏ ခလရ ၆၈၊ ခလရ ၂၃ တို့မှ ထိုးစစ်ဆင်လာတာကြောင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တာပဲ ဖြစ်သည်။

ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်သားတချို့ သေဆုံးကာ ၇ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဟုတ်တယ်ဗျ မနက်အစောပိုင်းကဖြစ်တာ ကုန်းသာမှာ ကျတော်တို့တပ်တွေရှိနေချိန်တပ်က ဝင်လာပြီး ပစ်ခတ်မှုဖြစ်တယ် ပြီးတော့ ကျနော်တို့တပ်တွေက မုန်းလမ်းကို ရှောင်ထွက်လာတော့ သူတို့လိုက်လာပြီး ထပ်ဖြစ်တယ်အဲ့ အထိအခိုက်တော့မသိရဘူး”ဟု SSPPမှပြန်ကြားရေးတာဝန်ခံဗိုလ်မှူးစိုင်းဖုန်းဟန်က CJ Platformသို့ ဖြေကြားထားသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် ကုန်းသာကျေးရွာတစ်ဝိုက်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည်မှာကြာမြင့်နေပြီး တိုက်ပွဲကြောင့် ကုန်းသာကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ၆၀၀ခန့်သည် လုံယွန်းဘုန်းတော်ကြီးကျောင်းနှင့် သီပေါမြို့အတွင်းသို့ ထွက်ပြေး တိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။

SSPP/SSAတပ်ဖွဲ့သည် စစ်ကောင်စီတပ်မှ ပြုလုပ်သည့် ပထမအကြိမ်၊ ဒုတိယအကြိမ် ငြိမ်းချမ်း‌ရေးဆွေးနွေးပွဲများကို တက်ရောက် ဆွေးနွေးဖူးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုလည်း ဖြစ်သည်။

ဓာတ်ပုံ- SSPP Info
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရှမ်းပြည်နယ် #သီပေါမြို့ #SSPP