သီပေါတွင် ဒေသခံများ၏ လယ်ဧကများပေါ်တွင် ကျောက်မီးသွေးတူးဖော်ရန် ငွေရည်ပုလဲ ကုမ္ပဏီလုပ်ဆောင်နေ
ရှမ်းပြည်နယ် မြောက်ပိုင်းသီပေါမြို့နယ်တွင် ဒေသခံများပိုင်ဆိုင်သည့် လယ်ဧကရာချီပေါ်တွင် ငွေရည်ပုလဲကုမ္ပဏီမှ ကျောက်မီးသွေးတူးရန် အဓမ္မလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် သြဂုတ်လမှ စတင်ကာ သီပေါမြို့နယ် နမ္မဒေသအတွင်းရှိ မြေဧက ၂၇၀၀ ကျော်ကို ငွေရည်ပုလဲ ကုမ္မဏီမှ ကျောက်မီးသွေးတူးဖော်ရန် သိမ်းယူခဲ့ပြီး ထိုအထဲတွင် ဒေသခံများပိုင်ဆိုင်သည့် လယ်မြေဧက ၉၀၀ ဝန်းကျင်အထိ ပါဝင်နေခြင်း ဖြစ်သည်။
ထိုသို့လယ်မြေသိမ်းယူခဲ့သည့် ငွေရည်ပုလဲ ကုမ္မဏီသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း တူးဖော်ခွင့် သက်တမ်းကုန်ခဲ့သော်လည်း စစ်ကောင်စီမှ ပြီးခဲ့သည့် သြဂုတ်လအတွင်း ကျောက်မီးသွေးတူးဖော်ခွင့် ထပ်မံခွင့်ပြုပေးခဲ့ပြီး ယခုခွင့်ပြုပေးမှုတွင် ယခုကထက် တူးဖော်ရေးဧရိယာ ပိုများလာကြောင်း ဒေသခံများကဆိုသည်။
“နမ္မမှာတူးနေတာတော့ကြာပါပြီ ဒေသခံတွေကလဲ အမြဲတမ်းတူးဖို့ သဘောမတူတဲ့နေရာရှိတယ် ၊ဟိုနားဖလို့ခေါ်တယ်ပေါ့နော် ၊သူတို့ကိုအစိုးရက ဧက ၂၀၀၀ ကျော် ကျောက်မီးသွေးတူးခွင့်ပြုထားတယ် ၊ဒေသခံတွေ သဘောတူတူ မတူတူ အဲ့လယ်တွေရဲ့ နေရာတွေနဲ့ ရေထွက်ဟိုနားဖမှာ ကျောက်မီးသွေးတူးမယ်ပေါ့၊ ဟိုနားဖမှာ ကျောက်မီးသွေးတူးလိုက်ရင် ဒေသတစ်ခုလုံး လယ်စိုက်လို့ မရတော့ဖူးလေနော်”ဟု ဒေသခံကဆိုသည်။
ထိုသို့ ကျောက်မီးသွေးတူးဖော်ရန် လုပ်ဆောင်နေမှုကြောင့် ပြီးခဲ့သည့် အောက်တိုဘာလ ၁ ရက်နေ့မှာ ဒေသခံများမှ အဆိုပါ ငွေရည်ပုလဲကုမ္ပဏီကို ဆန္ဒပြခဲ့ကြပြီး စစ်ကောင်စီအား လူသတ်လက်နက်များ ဝယ်ယူရန် အခွန်ငွေပေးနေမှုအပေါ်လည်း ကန့်ကွက်ခဲ့ကြသည်။
ငွေရည်ပုလဲ ကုမ္ပဏီမှ နမ္မဒေသရှိ အဓိကရေထွက်နေရာများတွင် ကျောက်မီးသွေးတူးဖော်မှုကြောင့် ဒေသခံများ၏ သောက်သုံးရေနှင့် လယ်ယာသုံးရေညစ်ညမ်းမှုများ ဖြစ်ပေါ်လာနိုင်ပြီး လယ်ယာပျက်စီးမှု အပါအဝင် ဒေသခံများ၏ လူမှုစီးပွားအပေါ်ကိုပါ ထိခိုက်မှုများ ရှိလာနိုင်ကြောင်း ရှမ်းပြည်အရေး တက်ကြွလှုပ်ရှားသူများက သုံးသပ်သည်။
ထို့အပြင် လက်ရှိ ကုမ္မဏီမှ တူးဖော်ရန်ပြင်ဆင်နေသည့် နေရာများအထဲတွင် ဒေသခံများ၏ ဘိုးဘေးစဥ်ဆက် ထိမ်းသိမ်းလာသည့် နေရာများပါ ပါဝင်နေကြောင်း သိရသည်။
“အဲ့နေရာက ကာကွယ်တော၊ဒေသခံတွေ ဘိုးစဥ်ဘောင်ဆက် အဲ့နေရာမှာ သစ်မခုတ်၊ အမဲမလိုက် တန်ဖိုးထား ထိန်းသိမ်းထားတဲ့ ကာကွယ်တော သက်တမ်းက ရာချီတယ်”ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကျောက်မီးသွေးတူးဖော်ရန် လယ်ယာအသိမ်းခံရသည့် ကျေးရွာများတွင် နမ္မ၊ နားကွန် ၊နားနန်၊ ပိန်းဆိုင်း ၊ကုန်ပေါင်းကျေးရွာမှ ဒေသခံများ၏ လယ်ယာများ ပါဝင်နေပြီး ယခင်က ကျောက်မီးသွေးတူးဖော်မှုကြောင့် ဒေသတွင်းမှာ မြေသားအက်ကွဲခြင်းများဖြစ်ပေါ်ခဲ့သေးကြောင်းသိရသည်။