သီတင်းကျွတ်ပွဲတော်ရက်အတွက် မင်းအောင်လှိုင်သားပိုင် ချောင်းသာကမ်းခြေရှိ Azura ဟိုတယ်မှာ အခန်းကြိုတင်မှာယူထားသူများ ပြည့်နေ

Author စကားဝါ
Categories
Published on Oct 06, 2022

သီတင်းကျွတ်ပွဲတော် ရုံးပိတ်ရက်များအတွင်း ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွင် ဟိုတယ်အခန်း ကြိုတင်မှာယူထားသူများ ၇၅ရာခိုင်နှုန်းအထက် ရှိနေပြီး အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပိုင်ဆိုင်သည့် ချောင်းသာကမ်းခြေရှိ Azura ဟိုတယ်တွင် ဟိုတယ်ခန်း အလွတ်များ မရှိတော့သည်အထိ မှာယူထားသူများ ရှိနေကြောင်း Azura ဟိုတယ်ထံမှ သိရသည်။

CJ Platform ၏ မြေပြင် သတင်းထောက်မှာ Azura ဟိုတယ်၏ ဧည့်ကြိုဌာနထံ ဆက်သွယ်မေးမြန်းရာတွင် အောက်တိုဘာလ ၈ရက်၊ ၉ရက်၊ ၁၀ရက်နေ့များအတွက် မည်သည့် အခန်းမှ မရရှိတော့ဘဲ ၁၁ရက်နေ့မှ ၁၅ရက်နေ့အထိ ကြိုတင်မှာယူထားသူများ ရှိနေပြီး ကြိုတင်မှာယူထားသူများ ချိန်းဆိုမှု ပျက်ပျယ်ပါက ပြန်လည် ဆက်သွယ်ပေးမည်ဟု ဖြေကြားထားသည်။

ထို့အပြင် ချောင်းသာကမ်းခြေ Sea View ဟိုတယ်အားလုံးမှာ အောက်တိုဘာလ ၈ရက်၊ ၉ရက်နေ့နှင့် ၁၀ရက်နေ့များအတွက် အခန်းအားလုံး ပြည့်နေပြီဖြစ်ကာ ၁၁ရက်နေ့မှ ၁၅ရက်နေ့အကြားတွင်သာ အခန်းလွတ်များ အနည်းငယ် ကျန်ရှိကြောင်း သိရသည်။

“Azura ကိုဆက်သွယ်တော့ ဘယ်လိုမှ အခန်းလွတ်မရတော့ဘူးလို့ ပြောတယ်၊ သူတို့မှာ ပါတီအစီအစဉ်တွေလဲ ရှိတယ်လို့ ပြောတယ်၊ တခြားဟိုတယ်တွေကိုလည်း မေးကြည့်တော့ ကမ်းခြေဟိုတယ်တွေမှာ အခန်းပြည့်နေတာများတယ်၊ ကားလမ်းနောက် ဟိုတယ်တွေမှာတော့ အခန်းလွတ်တယ်”ဟု CJ Platform ၏ မြေပြင် သတင်းထောက်မှ ပြောသည်။

ငွေဆောင်ကမ်းခြေတွင်မူ Sea View ဟိုတယ်များ၏ ၈၀ရာခိုင်နှုန်းမှာ အောက်တိုဘာလ ၈ရက်၊ ၉ရက်နေ့နှင့် ၁၀ရက်နေ့များအတွက် အခန်းကြိုတင်မှာယူထားသူများ ပြည့်နေပြီး ကျန်ရုံးပိတ်ရက်များအတွက်မှု မှာယူထားသူ ၄၀ရာခိုင်နှုန်းကျော်သာ ရှိကြောင်း CJ Platform၏ မြေပြင်သတင်းထောက်မှ ဟိုတယ်အသီးသီးထံ ဆက်သွယ်စုံစမ်းမှုများအရ သိရသည်။

အကြမ်းဖက်စစ်ကောင်စီ ဝင်ငွေမရရှိစေရန် သွေးစွန်းငွေများ ဖြတ်တောက်နိုင်ရေး တော်လှန်ရေးအင်အားစုများမှ တိုက်တွန်းနေချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင်၏ သားဖြစ်သူ ပိုင်ဆိုင်ရာ Azura ဟိုတယ်မှာ ယခုကဲ့သို့ လူပြည့်လူလျှံ့ တည်းခိုနေထိုင်နေကြခြင်းဖြစ်သည်။