သီတဂူနှင့် မင်းအောင်လှိုင် ပူးပေါင်းကာ ဘုရားပလ္လင် ယတြာချေ

Author ကိုပေါက်
Categories
Published on Jan 26, 2023

 

သီတဂူဆရာတော်နှင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ ပူးပေါင်းကာ နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယ ဗုဒ္ဓဥယျာဉ်တော်ရှိ မာရဝိဇယဘုရားတွင် ယနေ့ နံနက်ပိုင်းက ဘုရားပလ္လင်တစ်ခု လှူဒါန်းကာ ယတြာချေခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

“ဘုရားမှာ လုံခြုံရေး အပြည့်ချထားတယ်၊ သီတဂူဆရာတော်တင်မကဘူး သူပင့်ထားတဲ့ ဆရာတော်ကြီးတချို့ ပါသေးတယ်၊ သီတဂူက အခါတော်ပေးတာ၊ အချိန်အတိအကျနဲ့ လုပ်တာ၊ ယတြာချေတာလို့ ပြောတယ်”ဟု စစ်ကောင်စီ၏ နေပြည်တော် အသိုင်းအဝန်းနှင့် နီးစပ်သူ သာသနာရေးဝန်ကြီးဌာနမှ စစ်အရာရှိဟောင်း အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

ယင်းသို့ ဘုရားပလ္လင်လှူဒါန်းမှုမှာ ယတြာချေခြင်းသာ ဖြစ်ပြီး ယတြာပြုလုပ်သည့် အချိန်အခါကို အတိအကျ မသိရှိရခြင်းကြောင့် မည်သို့ အစီအရင်များ ပါဝင်သည့်ကို လေ့လာနေဆဲဖြစ်ကြောင်း အမည်မဖော်လိုသူ ဗေဒင်နက္ခတ်ပညာရှင်တစ်ဦးက ပြောသည်။

“သူ့ရဲ့ နေ့နံဖြစ်တဲ့ ဘုရားကို သူလိုချင်တာကို လှူလိုက်တာ၊ ပလ္လင်သက်သက် မဖြစ်နိုင်သလို ပလ္လင်မှာလဲ အစီအရင်တော့ ပါနေနိုင်တယ်၊ သူ ထီးလိုမင်းလိုကို ပြင်တုန်းကလဲ ဒီလိုပဲလေ၊ အချိန်အတိအကျနဲ့ လုပ်ဆောင်ရတာမျိုးဆိုတော့ ယတြာချေတာမှန်တယ် ဘယ်လိုအစီအရင်ဆိုတာတော့ လေ့လာနေဆဲပဲ”ဟု CJ Platform သို့ပြောကြားသည်။

ဘုရားပလ္လင်လှူဒါန်းချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သီတဂူဆရာတော်တို့မှာ အခြားသော ဆရာတော်များ မကြားစေရန် တီးတိုးရွတ်ဆိုမှုအချို့ကိုလဲ လုပ်ဆောင်ခဲ့ကြောင်း စစ်ကောင်စီနှင့် နီးစပ်သူများထံမှ သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အနေကြာစေရန် နေကြာပန်းများကို ယတြာအဖြစ် နိုင်ငံအနှံ စိုက်ပျိုးရန် ညွှန်ကြားခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ဘဲ တောင်သူများအား ဖိအားပေး စိုက်ပျိုးနေစေလျှက်ရှိနေသည်။

စစ်အာဏာရှင်ဟောင်းတစ်ဦးဖြစ်သူ ဦးသန်းရွှေလက်ထက်ကလည်း ကြက်ဆူပင်ယတြာအား လုပ်ဆောင်ခဲ့သေးပြီး နိုင်ငံအနှံ ဆီထွက်သီးနှံအဖြစ် စိုက်ပျိုးစေခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိခဲ့ပေ။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မင်းအောင်လှိုင် #သီတဂူဆရာတော် #ယတြာ