သိန္နီ၊ လားရှိုးနှင့် နမ့်ခမ်းတို့ရှိ တပ်စခန်း (၄)ခု ညီနောင်အဖွဲ့ထပ်မံသိမ်းပိုက်

Author လင်းနွေဦး
Categories
Published on Nov 07, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) သိန္နီ(မူပန်)၊ လားရှိုးနှင့် နမ့်ခမ်းမြို့တို့ရှိ စစ်ကောင်စီ လက်အောက်ခံ တပ်စခန်း (၄)ခုကို ညီနောင်မဟာမိတ် (၃)ဖွဲ့မှ နိုဝင်ဘာလ (၆)နှင့် ၇ ရက်နေ့တို့တွင် ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ကယ‌နေ့ထုတ်ပြန်သည်။

နိုဝင်ဘာ (၆) ရက်နေ့ နံနက် ၇ နာရီခွဲခန့်တွင် MNDAA သည် ကိုးကန့်ခရိုင်၊ ရှင်းဝမ်းဒေသ၊ ရှင်််ဟွာကျေးရွာအုပ်စု၊ တုံရပ်ထန်ပေါက် တောင်ကုန်းနှင့် ကျင်ဖန်ဟော်နေရာရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး နံနက် ၈ နာရီခန့်တွင် အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ ယင်းနေ့ နံနက် ၉ နာရီ ၄၃ မိနစ်ခန့်တွင် MNDAA က ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသ၊ ရှင်ရွှေထန်ရှိ စစ်ကောင်စီ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ (၁၀) မိနစ်ခန့်အကြာတွင် အပြီးသတ်ချေမှုန်း နိုင်ခဲ့ကြောင်း သိရသည်။

ထိုနိုဝင်ဘာ ၆ မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်တွင် တပ်မဟာ(၁)စစ်ဒေသ၊ နမ့်ခမ်းမြို့လယ်ဘုရားပရဝုဏ်အတွင်း စခန်းချပုန်းအောင်းနေသော စစ်ကောင်စီတပ်နှင့် လက်အောက်ခံပူးပေါင်းတပ်စခန်းတို့ကို တအောင်းတပ်မတော်(TNLA) ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာလ (၇) ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် အပြီးသတ်ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ညီနောင်သုံးဖွဲ့က ထုတ်ပြန်သည်။

အဆိုပါရန်သူ့တပ်စခန်းမှ လက်နက်မျိုးစုံ (၂၈) လက် ၊ ပစ္စ တို (၁)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ သိမ်းပိုက် ရရှိခဲ့ကြောင်း သိရသည်။

တဖန် နိုဝင်ဘာ(၆) ရက် ညနေ ၆ နာရီ ၄၀ မိနစ်ခန့်တွင် ကိုးကန့် တပ်မတော်နှင့် မဟာမိတ်တပ်ဖွဲ့များသည် လားရှိုး ခရိုင်၊ သိန္နီခရိုင်၊ နန်ဖိုင်းဒေသရှိ စစ်ကောင်စီတပ်ရင်း (၂၉၁) စခန်းကို ဒရုန်းစစ်ဆင်ရေးဖြင့် (၁) နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နိုဝင်ဘာ (၅) ရက်နေ့က ကိုးကန့်တပ်မတော်(MNDAA)က မူပန်(သိန္နီ)ဒေသရှိ စစ်ကောင်စီတပ်၏ အမှတ် (၁၆) စခန််းအပါအဝင် ယင်းစခန်းနှင့် မီတာ (၂၀၀)ခန့်ကွာဝေးသည့် နစခန်းငယ်တစ်ခုတို့ကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့‌‌ကြောင်း သိရသည်။

ထို့နောက် နိုဝင်ဘာလ (၅) ရက် ညနေ (၃) နာရီခန့်တွင် ကိုးကန့်တပ်သည် မူပန်(သိန္နီ)ဒေသ၊ ဟိုပင်ကျေးရွာ အုပ်စု(၁၄-၁၅)မိုင်ကြားတွင် အရပ်သားစီးယာဉ်များအသုံးပြု၍ ဟန်ဆောင်မောင်းနှင်လာသော စစ်ကောင်စီ၏ ယာဉ် (၅) စီးပါ ထောက်ပို့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာတွင် ယာဉ်တစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်အချို့ သိမ်းပိုက်ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်အတွင်း ဖော်ပြထားသည်။

ညီနောင် မဟာမိတ် သုံးဖွဲ့မှ Operation 1027 အဖြစ် အမည်ပေးကာ လှုပ်ရှားနေသော စစ်ရေးတိုက်ခိုက်မှုများ အတွင်း စစ်ကောင်စီတပ်စခန်း (၁၁၀)နီးပါးအထိ သိမ်းပိုက်ရရှိထားကာ လက်နက်ခဲယမ်းအမြောက်အမြား နှင့်အတူ သံချပ်ကာယာဉ်(၆)စီးတို့ကို့ သိမ်းပိုက်ရရှိ ထားသည်။

Related News

Depend on news