သိန္နီသို့ စစ်ကူလာသည့် စစ်ကောင်စီကားကိုတိုက်ခိုက်၊ တပ်ကြပ်တစ်ဦးနှင့် လက်နက်များရရှိသည့်အပြင် ကားကိုဖျက်ဆီးနိုင်ခဲ့

Author ခေတ်နီ
Categories
Published on Nov 13, 2023

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမှ သိန္နီသို့စစ်ကူပေးရန်လာသည့် စစ်ကောင်စီကားကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ တပ်ကြပ်တစ်ဦးနှင့် လက်နက်များရရှိခဲ့သည့်အပြင် စစ်ကားကိုဖျက်ဆီးနိုင်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ထုတ်ပြန်သည်။

သိန္နီ ၁၂ မိုင်သို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ကားကို ယမန်နေ့ ည ၈ နာရီဝန်းကျင်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲအတွင်း TNLA ရရှိခဲ့သည့် သေနတ် ၂ လက်မှာ စစ်ကောင်စီတပ်၏ အထူးတပ်ဖွဲ့သုံး MA1 Mark 3 ရိုင်ဖယ်ဖြစ်ကြောင်း တအောင်းတပ်မှ ထုတ်ပြန်လာသည့် ဓာတ်ပုံများအရ သိရသည်။

ထို့ပြင် ယနေ့ နံနက်ပိုင်းတွင်လည်း နမ့်ခမ်းမြို့ရှိ စစ်ကောင်စီ စခန်းသစ်ကုန်းကို TNLA မှ တိုက်ခိုက်နေကြောင်း သိရသည်။

ညီနောင်သုံးဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ၏ ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ဆိုပါက ၁၈ ရက်​မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီဖြစ်ပြီး တိုက်ပွဲများ ပြင်းထန်အားကောင်းနေဆဲဖြစ်သလို မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများအဖြစ် ဆက်လက်ဆင်နွှဲနေကြသည်။