သားသမီးသုံးဦးစလုံး ဆုံးပြီးတဲ့နောက် စကော့တလန် နိုင်ငံအနှံ့ မိုင် (၁,၀၀၀) စက်ဘီးပတ်စီးခဲ့တဲ့ အသက် (၈၅) နှစ်အရွယ်ဘွားဘွား

Author CJ Platform
Categories
Published on Oct 10, 2023

ဘွားဘွားမေ့ဗ် (Granny Mave) လို့ လူတွေသိကြတဲ့ မေးဗစ် ပတ်တာဆန် (Mavis Paterson) အတွက်တော့ စက်ဘီးစီးတဲ့ကိစ္စက အကျင့်ပါနေပြီဆိုတာထက်ကို ပိုနေပါပြီ။ သူမရဲ့ သားသမီးတွေဖြစ်ကြတဲ့ စန္ဒီ (Sandy)၊ ကေသီ (Kathie) နဲ့ ဘော့ (Bob) တို့သုံးဦးစလုံး ၂၀၁၂၊ ၂၀၁၃၊ နဲ့ ၂၀၁၆ ဆိုတဲ့ လေးနှစ်အတွင်းမှာ အသီးသီး သေဆုံးသွားပြီးတဲ့နောက်မှာတော့ စက်ဘီးစီးတဲ့ကိစ္စက ဘွားဘွားမေ့ဗ် တစ်ယောက် လူ့လောကမှာ ဆက်ပြီးရှင်နေထိုင်လိုတဲ့ အကြောင်းပြချက်ကြီးဖြစ်လာပြီး မရှိမဖြစ်လိုအပ်တဲ့ အရာလည်းဖြစ်လာခဲ့ပါတယ်။

သူမရဲ့ သားသမီးတွေကို အမှတ်ရသောအားဖြင့် အသက် (၈၅) နှစ်အရွယ် ဘွားဘွားက မေလထဲမှာပဲ သူမရဲ့ နောက်ဆုံးခံနိုင်ရည်ကို စိန်ခေါ်စမ်းသပ်ဖို့ စီစဉ်ခဲ့ပါတယ်။ အဲ့ဒါကတော့ စကော့တလန်နိုင်ငံအနှံ့ ဂယ်လိုဝေး(Galloway) အငူကနေစပြီး မြောက်ဘက်ကိုဦးမတည်ခင်မှာ နိုင်ငံရဲ့ကောက်ကြောင်းအတိုင်း လိုက်ပြီး ဂယ်လိုဝေးအငူဆီထပ်ရောက်လာတဲ့ထိ မိုင်(၁,၀၀၀) ခရီးစဉ်ကို စက်ဘီးစီးဖို့ပဲဖြစ်ပါတယ်။

“အကယ်၍ ကျွန်မမှာသာ စက်ဘီးမရှိခဲ့ရင် (အခုလိုပြောရတာတောင် ဆိုးဝါးလှပါပြီ) ကျွန်မဆက်ပြီး အသက်ရှင်ချင်စိတ် ရှိမယ်လို့မထင်ပါဘူး” လို့ CNN Sport ကို သူမက ပြောခဲ့ပါတယ်။

“မိသားစုဝင်အားလုံးကိုသာ ဆုံးရှုံးလိုက်ရမယ်ဆိုရင် ဒါက တကယ့်ကို ယုံနိုင်စရာမရှိပါဘူး၊ တစ်ခါတုန်းက ကျွန်မသမီးက သူ့ရဲ့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အတွက် ကျွန်မကို ‘အမေရေ သားသမီးတစ်ယောက်ဆုံးရှုံးရတဲ့ကိစ္စကို စိတ်ကူးကြည့်စမ်းပါ’လို့ ပြောလာတော့ ‘အေးပါ ငါသိပါတယ်၊ ဒါပေမဲ့ အဲ့ဒီအခြေအနေမျိုးကို ငါစိတ်ကူးယဉ်လို့ မရဘူး’ လို့ ပြန်ပြောခဲ့တာ၊ အခုတော့ ကျွန်မရဲ့ သားသမီးတွေအကုန် တစ်ယောက်မှ မရှိတော့ဘူး” လို့ သူမကဆက်ပြောပါတယ်။

စက်ဘီးစီးခြင်းဟာ သူမအတွက် စိတ်သက်သာရာရစေခဲ့သလို စိတ်ကူးနဲ့ခံစားကြည့်ဖို့တောင် ခက်ခဲတဲ့သူမရဲ့ ဆုံးရှုံးမှုတွေကို ကိုယ်တွယ်ဖြေရှင်းနိုင်ဖို့ နည်းလမ်းတချို့ကိုလည်း ရရှိစေပါတယ်။

“ဒီကိစ္စတွေက ကျွန်မအတွက် တကယ်ကို ခက်ခဲခဲ့ပါတယ်၊ ဒါကို ကျွန်မ သေချာကိုင်တွယ်နိုင်ခဲ့တော့ လူတွေက ‘အိုး… ဘွားဘွားကသန်မာလိုက်တာ၊ ခုလိုခွန်အားတွေ ဘယ်ကရလာလဲလို့’ မေးလာကြချိန်မှာ ကျွန်မကိုယ်တိုင် ဒီခွန်အားတွေ ဘယ်ကရလာမှန်းမသိတော့ ဖြေစရာ အဖြေမရှိခဲ့ပါဘူး၊ ကျွန်မ နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့တာ ကျွန်မစက်ဘီးရဲ့ အကူအညီကြောင့် ဖြစ်မယ်ထင်ပါတယ် ပြီးတော့ ကျွန်မ အံ့အားသင့်ဖို့ကောင်းတဲ့ သူငယ်ချင်းတွေလည်း ရခဲ့သေးတယ်လေ” လို့ သူမက ပြောပါတယ်။

ဘွားဘွားပတ်တာဆန်က စကော့တလန်နိုင်ငံ နယ်နမိတ်သတ်မှတ်ချက် မျဉ်းအတိုင်း နိမ့်မြင့်တောင်စဉ်တောင်တန်းရှုခင်းတွေ၊ ဘာအကွယ်အကွယ်မှမရှိတဲ့ လမ်းကြမ်းတွေ၊ ခန့်မှန်းလို့ မရတဲ့ ရာသီဥတုတွေကို ဖြတ်သန်းပြီး တစ်လတိတိ နေ့စဉ်စက်ဘီးစီးထွက်ခဲ့တာပါ။ သူမဟာ နေ့စဉ်မနက်ငါးနာရီဆိုထ၊ စက်ဘီးစီးဖို့ပြင်ဆင်ပြီး နေ့စဉ် မိုင် (၅၀) ခန့်ခရီးပေါက်နိုင်အောင် ခရီးနှင်ခဲ့ပြီး အဲ့လိုခရီးနှင်တာက ဗြိတိန်အခြေစိုက် ဝေဒနာသည်တွေကို အကြံဉာဏ်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး ကူညီပေးနေတဲ့ Macmillan Cancer Support အတွက် ရံပုံငွေရှာဖွေပေးဖို့လည်း ရည်ရွယ်ခဲ့တာပါ။

ခရီးလမ်းတစ်လျှောက်မှာတော့ ဘွားဘွား ပတ်တာဆန်က သူ့အသိစက်ဘီးသမားတွေကို “အထောက်အပံ့ကြီးကြီးမားမား ပေးကြဖို့” ဆိုတဲ့ကမ်းလှမ်းချက်နဲ့ စက်ဘီးအတူတူစီးကြဖို့ ‌ဖိတ်ခေါ်ခဲ့ပါတယ်။ အဲ့ဒီထဲကတချို့ကတော့ သူမနဲ့ အတူ တစ်ကြိမ်မှာ ရက်တချို့စီ စက်ဘီး အတူတူစီးခဲ့ကြပါတယ်။

“သူတို့အများစုက စက်ဘီးစီးဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေ၊ စက်ဘီးစီးဖိနပ်တွေနဲ့ ချိတ်လို့ရတဲ့ ‌ကလစ်ပါတဲ့ခြေနင်းပြားတွေ၊ စက်ဘီးစီးဝတ်စုံတွေပါ ရှိကြပါတယ်။ ကျွန်မကတော့ အဲ့လို ပစ္စည်းတွေဘာတစ်ခုမှမရှိပါဘူး၊ ခြေနင်းပြားဆိုလည်းသာမန်ပဲ၊ စက်ဘီးစိးဖိနပ်နဲ့ ချိတ်လို့ရတဲ့ခြေနင်းပြားမျိုးဆို ကျွန်မ ဘယ်လိုမှမစီးနိုင်ဘူး၊ အမြဲတမ်း စက်ဘီး‌ပေါ်က ပြုတ်ပြုတ်ကျတာ၊ ကျွန်မက စက်ဘီးစီးနေရရင်ကိုပျော်နေတဲ့သူ သက်သက်ပါပဲ” လို့ သူမကပြောပါတယ်။

အဲ့သလို အားပေးမှုတွေဟာ ဘွားဘွားပတ်တာဆန်ရဲ့ စကော့တလန်တလျှောက် စက်ဘီးစီးတဲ့စွန့်စားခန်း ခရီးရှည်တလျှောက်လုံးမှာ အဆက်မပြတ် ရှိနေခဲ့တာပါ။ ခရီးရှည်ကြီးကိုလည်း သူမကို ဝိုင်းဝန်း ဂုဏ်ပြုအားပေးဖို့ စောင့်နေကြတဲ့ လူအုပ်ကြီးရှိနေတဲ့ ပန်းတိုင်မှာ အဆုံးသတ်ခဲ့တာပါ။

“လူအုပ်ကြီးရဲ့အလယ်မှာ အရပ် ခြောက်ပေ သုံးလက်မ မြင့်တဲ့ ကျွန်မရဲ့ မြေးဖြစ်သူကို မြင်လိုက်ရတဲ့အခိုက်မှာပဲ ကျမ သူ့ဆီ အပြေးကလေး သွားလိုက်မိပါတယ်၊ သူ့ကိုခုလိုတွေ့လိုက်ရတာ ကျွန်မတကယ်ကို ပျော်မိသွားတာ ” လို့ သူမရဲ့အောင်မြင်မှုအတွက် Merlot ဝိုင်တစ်ခွက်နဲ့ အောင်ပွဲခံဖို့ ဝိုင်ကိုခွက်ထဲ မထည့်ခင်လေးမှာ ပြောခဲ့တာပါ။

ခရီးလမ်းတလျှောက်မှာလည်း သူမ စက်ဘီးစီးပြီး ဖြတ်သန်းနေတဲ့ တောင်ထိပ်တောင်တန်းတွေကြားထဲက မော့ဖတ် (Moffat) ဆိုတဲ့ စကော့မြို့လေးမှာ သူမရဲ့ (၈၅) နှစ်ပြည့် ဂုဏ်ပြုမွေးနေ့ပွဲလေးကိုလည်း ဆင်နွှဲခဲ့ပါသေးတယ်။

“ကျွန်မရဲ့စက်ဘီးပေါ်က ဆင်းပြီးမတွန်းရဖို့ပဲ မျှော်လင့်ခဲ့တာပါ” ဆိုပြီး အမတ်စောက်ဆုံး တောင်တန်းတွေကို စီးနင်းဖြတ်သန်းတုန်းက တွေးမိတဲ့ အတွေးတွေကို ဘွားဘွားပတ်တာဆန်က ပြန်ပြောင်းပြောပြပါတယ်။

“ဒါပေမဲ့ ကျွန်မ စက်ဘီးပေါ်က မဆင်းခဲ့ရပါဘူး၊ တောင်ထိပ်ထိရောက်အောင် ကျွန်မ တက်နိုင်ခဲ့ပါတယ်။ ကျွန်မ တောင်တက်နေတုန်း ဟောဟဲလိုက်နေတော့ လူတွေက ‘ဘာလို့ လျှပ်စစ်စက်ဘီးကို မသုံးတာလဲ’ လို့ပြောကြပါတယ်၊ ‘အေးပါ၊ တော်ပါပြီ၊ အလုပ်အားလုံးလုပ်နိုင်တဲ့ စက်ဘီးမျိုး ငါမလိုချင်ပါဘူး’ လို့ပဲပြန်ပြောလိုက်တယ်၊ ကျွန်မက တောင်ထိပ်ကိုပဲရောက်အောင် သွားချင်ခဲ့တာပါ၊ နောက်ဆုံး တောင်ထိပ်ထိ နင်းနိုင်သွားပြီးတဲ့အခါမှာတော့ ‘ဟေး… ငါလုပ်နိုင်ခဲ့ပြီ’ လို့ ကျွန်မပြောလိုက်ပါတယ်” လို့ ဘွားဘွား ပတ်တာဆန်က သူ့အတွေ့အကြုံကို ပြန်ပြောပြပါတယ်။

“အမယ်အိုကြီးတောင် လုပ်နိုင်သေးရင်”

ဘွားဘွား ပတ်တာဆန်ဟာ အရင်က မာရသွန်နဲ့ တစ်ဝက်မာရသွန်ပြေးခြင်းတို့နဲ့ ကျင့်သားရနေခဲ့ပေမယ့် ဒူးခေါင်းက စပြီး ဒုက္ခပေးလာတဲ့အခိုက်မှာတော့ စက်ဘီးစီးတဲ့ကိစ္စနဲ့ပဲ အလုပ်များနေပါတော့တယ်။

၂၀၀၈ ခုနှစ်မှာဆိုရင် သူမကိုယ်သူမ စိန်ခေါ်မှုတွေစတင်ခဲ့ပြီး သူငယ်ချင်းဖြစ်သူနဲ့အတူ ကနေဒါ (Canada)ကို ဖြတ်ပြီး စက်ဘီးစီးဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမဲ့ သူငယ်ချင်းဖြစ်သူက ကျန်းမာရေးပြဿနာရှိလာတဲ့အတွက် ခရီးစဉ်တလျှောက်လုံးကို တကိုယ်တော်ပဲ ခရီးနှင်ခဲ့ပါတယ်။

“မိုင်ကလည်းအရှည်ကြီး၊ အဲ့မှာက လမ်းတွေနဲ့ လယ်ကွင်းပြင်တွေပဲရှိတယ်၊ တခြားဘာမှကို မရှိဘူး၊ ဒါပေမဲ့ ကျွန်မတစ်ယောက်တည်း ဖြစ်နေပေမယ့် အထီးကျန်တယ်လို့တော့ မခံစားခဲ့ရဘူး၊ ကျွန်မရဲ့ စက်ဘီးနဲ့ စကားတွေပြောတယ်၊ ခုကြုံနေရတဲ့အရာအားလုံးကို ဟာသလုပ်ပစ်လိုက်တာပဲ” လို့ ဆက်စ်ကတ်ချဝမ် (Saskatchewan) ပြည်နယ်ကို စက်ဘီးဖြတ်စီးတုန်းက အတွေ့အကြုံကို သတိတရပြန်ပြောပြပါတယ်။

အဲ့ဒီခရီးစဉ်ပြီးတဲ့နောက် ၂၀၁၉ ခုနှစ်မှာလည်း ဂရိတ်ဗြိတိန်ရဲ့အဓိက ကုန်းမြေ အကျယ်အဝန်း အလျာနဲ့ညီတဲ့ တောင်ဘက်အစွန်းဆုံး Lands End ကနေ မြောက်ဘက်အစွန်ဆုံး ဖြစ်တဲ့ John O’Groats ထိ ခရီးစဉ်ကို (နေရာနှစ်ခုကို မျဉ်းဖြောင့်အတိုင်းဆွဲရင် 970 km – မိုင်ပေါင်း 603မိုင် ရှိပြီး တကယ့်အကွာအဝေးကတော့ သွားတဲ့လမ်းကြောင်းပေါ်မူတည်ပါတယ်) စက်ဘီးစီးခဲ့ပြီး အဲ့ဒီထင်ရှားကျော်ကြားတဲ့ လမ်းကြောင်းအတိုင်း ပြီးဆုံးတဲ့အထိ စက်ဘီးနင်းနိုင်တဲ့ အသက်အကြီးဆုံး အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ဘွားဘွား ပတ်တာဆန်ရဲ့ စိန်ခေါ်မှုတစ်ခုချင်းစီတိုင်းက ရောဂါဝေဒနာသည်တွေကို အကြံဉာဏ်နဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေ ထောက်ပံ့ကူညီပေးနေတဲ့ Macmillan Cancer Support အတွက် ရံပုံငွေရှာဖွေပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပြီး သူမရဲ့ စကော့တလန်နိုင်ငံတဝန်း တကိုယ်တော်ခရီးရှည်ကြီးကနေ ရံပုံငွေ ယူရို (၇၀,၀၀၀) နီးပါး (ဒေါ်လာ (၈၈,၀၀၀) ဝန်းကျင်) ကို ရှာဖွေပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီပမာဏဟာ သူမ ကနဦးမျှော်မှန်းထားတဲ့ ပမာဏ (ယူရို ၃၀,၀၀၀) ရဲ့ နှစ်‌ဆကျော်တောင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

“လူတွေက အခုလို ရက်ရက်ရောရောလှူကြတာကို ကျွန်မ အံ့ဩမိပါတယ်၊ အခုလို ငွေကြေးရှာဖွေပေးနိုင်တဲ့ အတွက်လည်း ကျွန်မ ဝမ်းမြောက် ဝမ်းသာဖြစ်ရပါတယ်” လို့လည်း သူမကပြောပါတယ်။

အဲ့သလို ကြိုးပမ်းအားထုတ်နိုင်ခဲ့တာက ဘွားဘွားပတ်တာဆန်ဟာ ဘယ်လိုရာသီဥတုမျိုးပဲဖြစ်နေနေ တစ်ပတ်ကို ငါးရက် ဒါမှမဟုတ် ခြောက်ရက်ထိ အပြင်ထွက် စက်ဘီးစီး လေ့ကျင့်ခဲ့ခြင်းကြောင့်လည်း ဖြစ်ပါတယ်။

“အကယ်၍ မင်းတို့သာ ငါ့အသက်အရွယ်အရွယ်ကိုရောက်လာပြီး အခုလိုမလေ့ကျင့်ထားဘူးဆိုရင်၊ တစ်ခုခုကို မင်းကလုပ်နိုင်တယ်လို့ထင်ပြီး ထလုပ်လိုက်ရင် တကယ်တမ်းကျ မင်းမလုပ်နိုင်တော့ဘူးဆိုတာ‌တွေ့ရလိမ့်မယ် ။ ဒါက တကယ်ခက်ခဲပြင်းထန်တဲ့လေ့ကျင့်ခန်းပါ၊ ကျွန်မ စီစဉ်ထားတဲ့‌ လေ့ကျင့်ခန်းပေါ့၊ အခုထိ ကျွန်မကတော့ အသက်ကြီးတယ်လို့ကို မခံစားရပါဘူး” ဆိုပြီး သူမက ပြောပါတယ်။

ဘွားဘွားပတ်တာဆန်ဟာ အနာဂတ်မှာလည်း ခံနိုင်ရည်စွမ်းကို စိန်ခေါ်တဲ့ ကိစ္စတွေရယ် ရံပုံငွေရှာဖွေတဲ့ ကိစ္စတွေကို တစ်ခုပြီးတစ်ခု စလုပ်ဖို့ ရည်ရွယ်ထားသလို သူမရဲ့ သားသမီးတွေကို အမှတ်ရတဲ့အနေနဲ့ စက်ဘီးလည်းဆက်ပြီး စီးနေဦးမှာပါပဲ။

“လူတွေက သူတို့ရဲ့စက်ဘီးတွေထုတ်လာကြပြီး ‘ဒီအမယ်အိုကြီးတောင် လုပ်နိုင်သေးတာပဲ၊ ငါတို့လည်းလုပ်နိုင်ရမှာပေါ့’ လို့တွေးပြီး စက်ဘီးစီးကြတာတွေ၊ စိတ်ဓာတ်ကျနေတဲ့သူတွေ ဆိုရင်လည်း ‘ဘုရားရေ .. ငါခုလိုကြီးဖြစ်နေလို့မသင့်သေးပါဘူး၊ သနားစရာကောင်းလှတဲ့ ဘွားဘွားမေ့ဗ်ကို ကြည့်ပါဦး၊ သူဆိုရင် သူ့သားသမီးအားလုံးကိုဆုံးရှုံးလိုက်ရတာ’လို့ တွေးမိသွားတာတွေ၊ လူအများကြီးက စက်ဘီးလိုက်စီးလာကြတာတွေ ဒါတွေကို ကြည့်လိုက်ရင် ကျွန်မ အခုလို စက်ဘီးစီးနေတာက လူတွေကို စိတ်အားတက်လာအောက် လှုံ့ဆော်ပေးနိုင်တယ်ဆိုတာ သိသာထင်ရှားပါတယ်” လို့လည်း သူမကပြောပါသေးတယ်။

“လူတွေက ကျွန်မက သူတို့တွေကို စိတ်အားတက်အောင် အားပေးလှုံ့ဆော်နိုင်တယ်လို့ ပြောနေကြတုန်းပါပဲ၊ အကယ်၍ ကျွန်မက အဲ့လောက်ထိ ခမ်းနားကြီးကျယ်တဲ့သူဖြစ်ခဲ့မယ်ဆိုရင်လည်း အဲ့ဒါအတွက် ကျွန်မ ဝမ်းသာမိပါတယ်” လို့ ဘွားဘွား ပတ်တာဆန်က ပြောပါတယ်။

Ref: After her three children died, 85-year-old Mavis Paterson cycled 1,000 miles around Scotland – CNN
Photo – Maviscycle/ Instagram