သာသနာခုတုံးလုပ်ပြီး မူးယစ်နှင့် လူသတ်မှုများကျူးလွန်သည့် အဖွဲ့အား PDFများ ဖမ်းဆီးခဲ့ဟုဆို

Author လင်းခိုင်
Categories
Published on Oct 20, 2022

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် သာသနာခုတုံးလုပ်ပြီး မူးယစ်နှင့် လူသတ်မှုများကျူးလွန်နေသည့် အဖွဲ့အား ဖမ်းဆီးခဲ့ကြောင်း Myaung Pdf CDSOM က ယနေ့ထုတ်ပြန်ထားသည်။

မြောင်မြို့နယ်တွင် သင်္ကန်းခြုံ ကဝိညာန ဦးဆောင်သည့် PDF အယောင်ဆောင်ကာ လူသတ်မှုကျူးလွန်သည့် ၈ဦးအား ဗိုလ်ကျားသစ်(မြို့နယ်လုံခြုံရေးတာ၀န်ခံ) ဦးဆောင်သောအဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၈ ရက်တွင် ရွှေပန်းတိုက်နယ်တွင် ကျေးရွာကာကွယ်ရေးလုပ်နေသည့် အဖွဲ့မှ လူငယ်တစ်ဦး အား လက်နက်လုယူကာပစ်သတ်သွားသည့် အမှုပေါ်ပေါက်ခဲ့သည့်အတွက် ဗိုလ်ကျားသစ်အဖွဲ့သည် ဖြစ်စဉ်အား စစ်မေးမှုများပြုလုပ်ရာ ကဝိညာနနှင့် အပေါင်းအပါ ၇ဦးအား လက်လုပ် သေနတ် ၂၅ လက်နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်သည် အသတ်ခံရသူ မောင်အောင်ခိုင် အသက် ၂၃ နှစ်သည် ကဝိညာနမှ ငွေသိန်း ၁၀၀ ပေးလျှင် သေနတ် နှစ်လက်၀ယ်ပေးမည်ဟု ဆိုသဖြင့် ပထမအကြိမ် ကျပ်သိန်း ၅၀ ပေးသွင်းခဲ့ပြီး နောက်ဆုံးချိန်တွင် ကဝိညာနမှ လက်နက်ရပြီဖြစ်သဖြင့် ကျန်ငွေများယူကာ နှစ်ယောက်ထဲလာရန် သွားရာတွင် လူငယ်နှစ်ဦးကို ဖမ်းဆီးကြိုးတုတ်ခဲ့ကြောင်း၊ တစ်ဦးသည်လွတ်မြောက်ခဲ့ပြီး ကျန်တစ်ဦးသည် လည်ပင်းဓားဖြင့်အလှီးခံရကာ ချင်းတွင်းမြစ်အတွင်းသို့ အလောင်းအား စွန့်ပစ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်.

ယခုကဲ့သို့ လုပ်ဆောင်ရန် ကဝိညာနသည် နောက်လိုက်များအား ဒလန်နှစ်ယောက်ရှင်းရမည်ဟု ပြောခဲ့ပြီး လုပ်ကြံသတ်ဖြတ်ရန် ဆောင်ရွက်ခဲ့ပြီး လူငယ်နှစ်ဦးပါလာသည့် ငွေ ၁၇ သိန်းကို ယူဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အသတ်ခံရသည့် မောင်အောင်ခိုင်၏ အလောင်းအား အောက်တိုဘာ ၂၀ ရက်တွင် မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ခြေရာ ကျေးရွာ၌ ပြန်လည်တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့ပြင် ကဝိညာနသည် လွန်ခဲ့သည့် ၂နှစ်ခန့်က သင်္ကန်း၀တ်ခဲ့သူဖြစ်ပြီး မူးယစ်ဆေးသုံးခြင်း၊ မိန်းမရှုပ်ခြင်း၊ အရက်သေစာ သောက်စားရမ်းကားခြင်းနှင့် ငွေကြေးအရှုပ်အရှင်းများကြောင့် ဒကာအရင်း၏ သားဖြတ်သူကို သတ်ဖြတ်ခဲ့ဖူးသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသော်လည်း ယင်းကိစ္စနှင့်ပတ်သက်ပြီး CJ Platform အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်းမရှိပေ။