သာယာဝတီထောင်တွင် အစားအသောက်နှင့် ရေမသန့်ရှင်းမှုကြောင့် နိုင်ကျဉ်းတစ်ဦး ဝမ်းရောဂါဖြင့် အသက်ဆုံးပါး

Author ခေတ်နီ
Categories
Published on Dec 19, 2023

ပဲခူးတိုင်း သာယာဝတီထောင်အတွင်း အစားအသောက်နှင့် ရေမသန့်ရှင်းမှုများကြောင့် ဝမ်းရောဂါ ဖြစ်ပွားနေပြီး နိုင်ငံရေးအကျဥ်းသားတစ်ဦး ဝမ်းရောဂါဖြင့် သေဆုံးမှုရှိခဲ့ကြောင်း အကျဥ်းထောင်နှင့်နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

 

သာယာဝတီထောင်ရှိ အကျဥ်းဆောင်အများစုတွင် အသုံးပြုရသည့် သောက်သုံးရေနှင့် အစအသောက်မသန့်ရှင်းမှုများကြောင့် ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုများရှိနေပြီး  အဆောင်(၂)ရှိ နိုင်ငံရေးအကျဥ်းသားတစ်ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

 

သာယာဝတီထောင်နည်းတူ မြန်မာနိုင်ငံရှိ အကျဥ်းထောင်အများစုတွင် အကျဥ်းသားများအနေဖြင့် ခဲဓာတ်ပါဝင်မှုများသည့် ရေကိုသာ သောက်သုံးနေရပြီး ရေပြတ်တောက်သည့် အခြေအနေမျိုးတွင် သာမာန်အသုံးပြုရေကို သောက်သုံးနေရကာ ကျွေးမွေးသည့် အစားအသောက်များသည့် ဆိုးရွားသည့် အနေအထားတွင် ရှိနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုသိုက်ထွန်းဦးက ဆိုသည်။

 

“မြန်မာနိုင်ငံ တဝှမ်းလုံးကထောင်တွေမှာ ခဲဓာတ်တွေ အဓိကပါတယ်၊ တချို့ထောင်တွေမှာ ရေပြတ်သွားလို့ ရိုးရိုးသုံးရေကို သောက်ရတာရှိတယ်၊ ရေမသန့်တော့ ဝမ်းရောဂါအပြင် ဝဲတို့ယားနာတို့ပါဖြစ်တယ်၊ အစားအသောက်ဆိုလည်း ပဲဟင်းနဲ့တာလပေါကျွေးတယ် သူတို့လူကြီးတွေလာရင် ချက်တာတမျိုး  အသားဟင်းဆိုလည်း တစ်ပတ်မှာ လေးတုံးပဲရတယ်၊ တစ်နပ်ကို တစ်တုံးဆိုရင်တောင် နှစ်ရက်စာပဲ လုံလောက်တယ်၊ ကျန်တဲ့ငါးရက်က အိမ်ကပို့တဲ့ပိုက်ဆံနဲ့ ပြန်ဝယ်ပြီး ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျခံရတဲ့ ပုံစံမျိုး ဖြစ်နေတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောသည်။

 

ထို့အပြင် အဆိုပါထောင်အတွင်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရရှိသည့် အပြင် အကျဥ်းသားများ၏ မိသားစုများမှ ပေးပို့သည့် ဆေးဝါးများကိုလည်း ထောင်ဝင်စာအဖြစ် လက်ခံခြင်း မရှိကြောင်း သိရသည်။

 

“ထောင်တွေမှာက ရှိရမယ့်ဆေးတွေမရှိဘူး ၊ပါရာကတ်တို့ ဒိုင်ကလိုတို့လောက်ပဲရှိနေတာ ၊အကျဥ်းသားတွေကို ကိုယ်တိုင်ကလဲ ဆေးဝါးစောင့်ရှောက်မှု မပေးနိုင်ဘူး အိမ်ကပို့တဲ့ ဆေးဝါးတွေကိုလည်း အကျဥ်းထောင်ထဲကို သွင်းခွင့်မပေးဘူး ဒါက အကျဥ်းသားတွေကို တဖက်လှည့်နဲ့ သတ်ဖြတ်နေတာလားပေါ့”ဟု ကိုသိုက်ထွန်းဦးက ထောက်ပြပြောသည်။

 

ထို့အပြင် သာယာဝတီထောင်အတွင်း နိုင်ငံရေးအကျဥ်းသူတစ်ဦးကို  မိသားစုနှင့် ဧည့်တွေ့ခွင့်ရသည့် အချိန်တွင် အကျဥ်းထောင်ပြင်ပ၌ ဖြစ်ပျက်နေမှုမျကို မေးမြန်းခဲ့သည်ဟု  စွပ်စွဲချက်ဖြင့် ဒီဇင်ဘာလ ဒုတိယအပတ်မှ စတင်ကာ လက်ရှိအချိန်အထိ တိုက်ပိတ်ခံထားကြောင်း သိရသည်။

 

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ၏စာရင်းများအရ စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း စစ်​ကောင်စီတပ်မှ ဖမ်းဆီးထားသူ ၁၉၇၆၇ဦး အထိ ရှိနေပြီး ထောင်ဒဏ်ချမှတ်ခံရသူ ၈၃၅၆ ဦးအထိ ရှိနေပြီ ဖြစ်သည်။