သာပေါင်းမြို့တွင် မြို့ဝင်ဂိတ်စောင့် စစ်မှုထမ်းဟောင်းတစ်ဦးက နေ့စားခမရလို့ဆိုကာ သေနတ်နဲ့ကျည်ဆံများ မြစ်အတွင်းပစ်ချ

Author CJ-001
Categories
Published on Oct 09, 2022

ဧရာဝတီတိုင်း သာပေါင်းမြို့တွင် မြို့ဝင်ဂိတ်စောင့်ရန် နေ့စားပေးခေါ်ယူထားသည့် စစ်မှုထမ်းဟောင်းတစ်ဦးက နေ့စားခမရလို့ဆိုကာ သေနတ်နဲ့ကျည်ဆံများကို မြစ်အတွင်း ပစ်ချခဲ့ခြင်းကြောင့် ရေငုတ်ကာ ပြန်လည်ရှာဖွေခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သည့် ၃ရက်ခန့်က သာပေါင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစောင့်ဆိုင်းရန် နေ့စားခပေးကာ ခေါ်ယူထားသည့် စစ်မှုထမ်းဟောင်းတစ်ဦးမှာ စစ်ကောင်စီတပ်မှ နေ့စားခမပေးသောကြောင့် ဆိုကာ ကမ်းနားလမ်းတွင် အရက်မူးသောင်းကျန်းပြီးနောက် ငဝန်မြစ်အတွင်း ပစ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကမ်းနားလမ်းမှာ ရေငုတ်သမားတွေရော ပိုက်သမားတွေရောကို စစ်သားတွေက စောင့်ကြည့်ပြီး ရေငုတ်ခိုင်းနေတော့ ဘာဖြစ်လဲ မေးကြည့်မှ သိတာ နေ့စားခမရလို့ မူးပြီး သေနတ်ပစ်ချလိုက်တာတဲ့ ၊ သူတို့အချင်းချင်းမို့ မဖမ်းဘူး၊ သေနတ်ကတော့ ပိုက်သမားစမ်းမိလို့ မနေ့ကပြန်ရပြီ ကျည်တွေတော့မရဘူးတဲ့”ဟု သာပေါင်းမြို့နယ်အတွင်း ဆိုက်ကယ် ကယ်ရီမောင်းနှင်နေသူတစ်ဦးက ပြောသည်။
သာပေါင်းမြို့အဝင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်မှ လုံခြုံရေးဂိတ်ဖွင့်ထားကာ စစ်မှုထမ်းဟောင်းများကို နေ့စဉ် တစ်ရက်လျှင် ၅၀၀၀ကျပ်ဖြင့် နေ့စားခပေးကာ လက်နက်များတပ်ဆင်ပေး၍ ခေါ်ယူထားကြောင်း၊ ယင်းနေ့စားခမှာ စစ်ဆေးရေးဂိတ်အား ဖြတ်သန်းသွားလာသည့် ပြည်သူများထံမှ တောင်းယူထားသည့် ငွေများဖြင့် ပေးချေနေခြင်းဖြစ်ကြောင်း အဆိုပါ ဒေသခံမှ ဆက်လက်ပြောကြားသည်။
“နေ့စားမပေးတာဆိုတာထက် သူတို့ အေးဓားပြတိုက်ထားတဲ့ ပိုက်ဆံတွေကို ဝေပုံကျခွဲမပေးတာလဲပါတယ်လို့ ပြောတယ်၊ တစ်နေ့ကို အဲ့ဂိတ်က ၁၅သိန်းလောက်ရနေတာ”ဟု ယင်း ဒေသခံက ပြောသည်။