သာပေါင်းတွင် စက်ဘီးဘဲလ်မပါလျှင် တစ်သောင်းကျပ်၊ ဆိုင်ကယ် ဘက်မှန်ချောင်နေလျှင် နှစ်သောင်းကျပ်အဖြစ် စစ်ကောင်စီမှ ဒဏ်ကြေးတောင်းယူနေ

Author စကားဝါ
Categories
Published on Nov 01, 2023

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်မှ ဆိုင်ကယ်စီးနင်းသူများအား အပြစ်မရှိမပြစ်ရှာကာ ဖမ်းဆီးနေပြီး ငွေတောင်းရမ်းမှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

ရေကြည်မြို့နယ်မှ သာပေါင်းမြို့နယ်သို့အသွား လမ်းပေါ်ရှိ စက်ဒေါင့်ကြီးရဲစခန်းမှ ရဲတပ်သားများနှင့် စစ်ကောင်စီတပ်သားများက စစ်ဆေးရေးဂိတ်သဖွယ် ဖွင့်လှစ်ကာ လမ်းသွားလမ်းလာပြည်သူများအား စစ်ဆေးမှုများ လုပ်ဆောင်ပြီးနောက် စက်ဘီးများတွင် ဘဲလ်မတပ်ထားပါ တစ်သောင်းကျပ်၊ ဆိုင်ကယ်များတွင် ဘက်မှန်ချောင်နေခြင်း၊ ဘရိတ်လျော့နေခြင်း၊ မီသီးကျွမ်းနေခြင်းများ ဖြစ်ပေါ်က နှစ်သောင်းကျပ်၊ ဦးထုတ်မဆောင်းပါက ငါးသောင်းကျပ်၊ လိုင်စင်မပါက သုံးသိန်းကျပ်အထိ တောင်းခံနေကြောင်း သိရသည်။၏

“ဒီအချိန်က လယ်သိမ်းချိန်မို့ တောင်သူတွေလက်ထဲ ပိုက်ဆံရှိပြီဆိုပြီး တမင်ကို လုပ်နေတာ၊ စက်ဒေါင့်ကြီး စခန်းမှူး သန်းထိုက်အောင်က အဆိုးဆုံးပဲ၊ သူတို့ အဲ့သလို တောင်းရမ်းပြီး ရနေတာက တစ်နေ့ကို ငါးသိန်းကနေ ဆယ်သိန်းလောက်ထိ ရှိတယ်”ဟု သာပေါင်းမြို့ ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် သာပေါင်းမြို့မှ ရေကြည်မြို့သို့ သွားရောက်ရာတွင် လမ်းဆုံတွင် ဂိတ်ချဖမ်းဆီးခြင်းဖြစ်ပြီး၊ စျေးရောင်း စျေးဝယ်သွားရောက်ရာတွင် ညအချိန်မှ ပြန်လာရသည့် စျေးသည် စျေးဝယ်များကိုလည်း ညမထွက်ရ အချိန်အား ဖောက်ဖျက်သည်ဟုဆိုကာ ငွေကြေးတောင်းခံမှု လုပ်ဆောင်ပြီး ငွေကြေး မပေးနိုင်သူများအား ထောင်ဒဏ်တစ်လ ချမှတ်သည်အထိ လုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

စက်ဒေါင့်ကြီးနယ်မြေရဲစခန်းမှူးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရလက်ထက်တွင် ဒေသခံပြည်သူများ ထုတ်ပေးထားသည့် သမဝါယမချေးငွေများအာ အတင်းအဓ္ဓမ တောင်းခံခဲ့သူဖြစ်ပြီး ချေးငွေ မပေးဆပ်နိုင်သည့် ပြည်သူများအား ရိုက်နှက် နှိပ်စက်ခြင်းများကိုပါ လုပ်ဆောင်ခဲ့သူ ဖြစ်သည်။

ဧရာဝတီတိုင်းအား စစ်ကောင်စီမှ ဒေသအများစုကို ထိန်းချုပ်ထားလျှက်ရှိပြီး ဒေသခံပြည်သူများအား ဖိနှိပ်မှုများအား လုပ်ဆောင်နေလျှက်ရှိနေသည်။