သာဓုကန် YFAအထည်ချုပ်မှ အလုပ်သမား ၃၀၀ ခန့် အကြောင်းမဲ့ အလုပ်ရပ်နားခံရ

Author ခေတ်နီ
Categories
Published on Nov 30, 2022

 

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံတစ်ရုံမှ အလုပ်သမား ၃၀၀ ခန့်ကို စက်ရုံ HR မန်နေဂျာဘက်မှ အကြောင်းမဲ့ အလုပ်ရပ်နားခဲ့ကြောင်း သိရသည်။

ခရေသစ်လမ်း သာဓုကန် စက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Yangon Fukuyama Apparel
စက်ရုံမှ လုပ်သား ၃၀၀ ခန့်ကို စက်ရုံရှိ HR မန်နေဂျာမှ အကြောင်းပြချက်မရှိပဲ ယမန်နေ့မှာ အလုပ်မှ ရပ်နားလိုက်တာပဲ ဖြစ်သည်။

“ဒါက အလုပ်သမားတွေနဲ့ HRနဲ့ ပြဿနာဖြစ်တာပေါ့လေ စည်းကမ်းပိုင်းမှာ ရုံးပိုင်းနဲ့ အထည်ချုပ်သမားတွေကြားမှာ မျှတမှုမရှိတာကနေ ဖြစ်တာပေါ့ ၊ဒါကနေ HRက အလုပ်ထုတ်တာ ထုတ်တာကို ရိုးရိုးမထုတ်ဘူးလေ နင်တို့တွေ ဒီလအတွက်လခလိုချင်ရင် လက်မှတ်ထိုးရမယ်ဆိုပြီး ပြောတယ် အလုပ်သမားတွေက ထိုးပေးတော့ ဒါဟာ အလုပ်ထုတ်ဖို့ အတွက်ဆိုပြီး HRက ပြောတယ်ပေါ့ နို့တစ်ကြေးမပေးပဲ ထုတ်တာဆိုတော့ အလုပ်သမားတွေက အလုပ်ရှင်နဲ့ ပြောမယ်ဆိုပြီး ဖြစ်ကြတယ်”ဟု
သွေးစည်ညီညွှတ်သော သမဂ္ဂများအဖွဲ့ချုပ် မြန်မာ (STUM)မှ တာဝန်ရှိသူတစ်ဦးမှ CJ Platform သို့ပြောသည်။

ထိုသို့ အကြောင်းမဲ့ အလုပ်ထုတ်ခံရသည့် အလုပ်သမားများမှ စက်ရုံလုပ်ငန်းရှင်ကို သွားရောက်တွေ့ဆုံရန် အတွက် စက်ရုံရှေ့သို့ရောက်ရှိနေစဥ်မှာပဲ အလုပ်သမားများကို လှော်ကားနယ်ထိန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ လာရောက် တားမြစ်မှုများလဲ ရှိခဲ့ကြောင်း သိရသည်။

” အလုပ်သမားတွေက သူတို့တို့အလုပ်ရှင်ကိုသွားတွေ့တယ် အဲ့ဒါစက်ရုံရှေ့မှာ လူစုတော့ HRကခေါ်တာလား စူပါကခေါ်တာလား မသိဘူး နယ်ထိန်းရောက်လာတယ် အပြင်မှာလူစုမရဘူး ဆန္ဒပြမှုဖြစ်တယ်ဆိုပြီး တားတယ် အလုပ်ရှင်တော့ ရောက်မလာဘူး စက်ရုံကို၊ ဒီတော့ စက်ရုံဖက်ကHRနဲ့ အလုပ်သမား ကိုယ်စားလှယ်တွေနဲ့ ညှိကြတယ် အခုထိတော့ ပြေလည်မှုမရဘူး ဆိုတော့ အလုပ်သမားတွေက တိကျတဲ့ ကတိတစ်ခုရရင် ပြန်လိမ့်မယ်ဟု ” STUMမှတာဝန် ရှိသူမှ ဆက်လက်ပြောကြားသည်။

သာဓုကန် YFAနှင့် ဝါးတရာ YFAစက်မှုဇုန်များတွင် ယခု နိုဝင်ဘာအတွင်းမှာတင် အလုပ်သမားအခွင့်ရေးချိုးခံဖောက်မှု ၄ ကြိမ်ခန့်ဖြစ်ပွားခဲ့ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအား မီးဖွားခွင့်မပေးဘဲ အလုပ်ထုတ်မှုနှင့် အလုပ်သမားတစ်ဦးခွင့်ယူပါက အလုပ်ထုတ်မှုများပါရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- STUM
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #အလုပ်သမား #အလုပ်ထုတ်ခံရ #လုပ်သားအခွင့်အရေး #STUM