သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးကို ဓားဖြင့် ထိုးသ-တ်ပြီး ရွှေနှင့်ငွေယူသွား

Author ပေါက်ကြီး
Categories
Published on Nov 21, 2022

 

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ၄/တောင်ရပ်ကွက်ရှိ ချောရတနာကုန်စုံဆိုင်၏ ဆိုင်ရှင် အမျိုးသမီးကို ယနေ့ နံနက် ၇ နာရီက အမည်မသိအမျိုးသားသုံးဦးမှ ဓားဖြင့် ထိုးသတ်ပြီး ရွှေနှင့်ငွေများ လုယူသွားကြောင်း မြို့ခံတွေဆီက သိရသည်။

ချောရတနာကုန်စုံဆိုင်သို့ အမည်မသိ အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဆိုင်ရှင် အမျိုးသမီးနှင့် သမီးဖြစ်သူကို ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး၊ နားကပ်နှင့် ငွေအချို့ ယူခဲ့သည့်အပြင် မိခင်ဖြစ်သူကို လည်း ဓားဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platform သို့ပြောသည်။

“အမေနဲ့ သမီးကို မီးဖိုချောင်ထဲခေါ်ပြီး ဓားနဲ့ထောက်ပြီး နားကပ်တွေ ဆွဲကြိုးတွေချွတ်ခိုင်းတာ၊ ပြန်ခါနီး အမေဖြစ်သူကိုလည်း လည်ပင်းနဲ့ရင်ဘတ်ကို ဓားနဲ့ထိုးသွားတာ၊ ဆေးရုံပို့တဲ့အချိန်သေသွားတာ” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ဓားဖြင့် အထိုးခံရသူသည် ချောရတနာကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ချောချောဆိုသူဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ကိုယ်လိုချင်တာရပြီပဲ ဘာကြောင့် လူကိုဓားနဲ့ထိုးသွားတာတုန်း၊ မလုပ်သင့်တာ ခေတ်ကပျက်နေပြီ နေ့စဉ်လိုပဲ လုယက်မှုတွေက” ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform သို့ပြောသည်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့နယ်အချို့တွင် လုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာခဏဖြစ်ပွားခဲ့ပြီး အချို့လုယက်သူများ၏ လက်ချက်ကြောင့် သေဆုံးဒဏ်ရရရှိခဲ့သည့် ဖြစ်စဉ်များလည်းရှိသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #ရန်ကုန်တိုင်း #သာကေတမြို့နယ် #လုယက်မှု