သမီးလှကျွန်း(လိပ်ကျွန်း)၌ အကောင်းဆုံးသားပေါက်နှုန်းနှင့် ကမ္ဘာ့ရှားပါး စားရင်၀င် ပင်လယ်လိပ်များပေါက်ဖွား

Author မွန်လေး
Categories
Published on Oct 16, 2022

ဧရာ၀တီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ သမီးလှကျွန်း(လိပ်ကျွန်း) တွင် အကောင်းဆုံးပေါက်နှုန်းနှင့် ပင်လယ်လိပ်များပေါက်ဖွားခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၁၅ ရက်တွင် ပင်လယ်လိပ်ဥ ၁၀၁လုံးရှိသည့် သားဖောက်ထားသည့် ကျင်းတွင် ပင်လယ် လိပ် ၉၁ကောင်ပေါက်ဖွားခဲ့ခြင်းဖြစ်သည်။

ပင်လယ်လိပ် ၈၀ရာခိုင်နှုန်းနှင့် အထက်သားပေါက် က ကောင်းသော သားပေါက်နှုန်းဖြစ်ပြီး၊ ၉၀ ရာခိုင်နှုန်းသားပေါက်ပါက အကောင်းဆုံးသားပေါက်နှုန်းဖြစ်ပြီး ၁၀၀ရာခိုင်နှုန်းသားပေါက်ခြင်းသည် Ecology အရ မကောင်းမွန်ကြောင်းသိရသည်။

သမီးလှကျွန်းသည် ပင်လယ်လိပ် ထိန်းသိမ်းရေးစခန်း တည်ရှိရာကျွန်းဖြစ်ပြီး ကျွန်းပတ်လည်၌ လိပ်များ ဥများ ဥသည့်အတွက် လိပ်ကျွန်းဟုလည်း ခေါ်တွင်ခြင်းဖြစ်ကာ၊ အမြဲစိမ်းတောနှင့် ရွက်ပြတ်တောများ ရောနှောပေါက်ရောက်သည့် ကျွန်းတစ်ကျွန်းဖြစ်သည့်အတွက် ခေတ်ကာလကောင်းမွန်ပါက လေ့လာရေးခရီးသွားရန် ကောင်းမွန်သည့် ဒေသတစ်ခုဖြစ်သည်။

သမီးလှကျွန်းတွင် ကမ္ဘာ့ရှားပါးစာရင်း၀င် ပင်လယ် လိပ်များ လစဉ် ဥချလေ့ရှိပြီး၊ ၂၀၁၇ခုနှစ်တွင် ၆၇ကျင်း၊ ၂၀၁၈ခုနှစ်တွင် ၉၇ ကျင်း၊ ၂၀၁၉ ခုနှစ် တွင် ၇၈ ကျင်း၊ ၂၀၂၀ခုနှစ်တွင် ၂၈ကျင်း၊ ၂၀၂၁ခုနှစ်တွင် ၇၉ ကျင်းထိ ရှိခဲ့သည်။ သမီးလှကျွန်းသည် ပင်လယ်လိပ်များ ရာသီမရွေး လာရောက်ဥချလေ့ရှိသည့် ကမ္ဘာပေါ်၌ အရေအတွက် အနည်းငယ်သာကျန်ရှိသည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

ပင်လယ်လိပ်များသည် ဥချပါက ကျင်းတစ်လျှင် အနည်းဆုံး ပျမ်းမျှ လိပ်ဥ ၈၀မှ ၁၀၀ ခန့်ဥချတတ်ပြီး အများဆုံး ကောင်ရေ ၈၀ခန့်သာ သားပေါက်လေ့ရှိကြောင်းလည်းသိရသည်။

မြန်မာနိုင်ငံတွင် တွေ့ရှိရသည့် ပင်လယ်လိပ်အမျိုးအစား ငါးမျိုးရှိပြီး ပြင်သာလိပ်၊ လိပ်ကြက်တူရွေး၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်စောင်းလျားတို့ဖြစ်ပြီး ပြင်သာလိပ်သည် မျိုးသုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့် လိပ်မျိုးစိတ်တစ်ခုဖြစ်သည်။ သမီးလှကျွန်း(လိပ်ကျွန်း)တွင် ၁၉၈၆ ခုနှစ်စတင်ပြီး ပင်လယ်လိပ်မျိုး ထိန်းသိမ်းရေး၊ သုတေသနနှင့် ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ကျွန်းတစ်ကျွန်း ဖြစ်ကြောင်းလည်း သိရသည်။