သမိုင်းတွင် ရေဘေးကို ကြုံတွေ့ခဲ့ရတဲ့ ပဲခူးမြို့ခံတစ်ဦးရဲ့ တီးတိုးသံ

Author လင်းနွေဦး
Categories
Published on Oct 21, 2023

ကျနော်က ပဲခူးရေဘေးကို ကယ်ဆယ်ရေးမဟုတ်ဘဲကြုံတွေ့ခဲ့ရတဲ့ဒုက္ခသည်တစ်ယောက်ပေါ့ဗျာ။ စတင်ကြုံတွေ့ရတဲ့ဒုက္ခကိုပြောရမယ်ဆိုရင်တော့ ရေမကြီးခင်တစ်ပတ်လုံးမိုးရွာတယ်။ ရွာတော့ ကျနော်တို့ပဲခူးက ပုံမှန်ပဲဆည်တွေမှာရေတွေပြည့်နေပီပေါ့ဗျာ။ မှတ်မှတ်ရရ တနင်္ဂနွေနေ့မှာ ရေတွေစတက်နေပြီ။ ပုံမှန်မိုးရွာလို့ ရေကြီးတယ်ပဲအားလုံးကတွေးကြတာဗျာ။ ဒါပေမဲ့ ညနေပိုင်းလောက်မှာ ရေတွေကအတော်ကို ထိန်းမနိုင်သိမ်းမနိုင်စကြီးနေပြီ။ ပုံမှန်ကြီးနေကျ နေရာတွေကတော့ရေတွေတက်နေပီပေါ့။ ဒါပေမဲ့ အဲဒီနေ့ညနေမှာပဲ ရေတွေ ကျနော့်အိမ်ထဲစဝင်နေပြီ။ တစ်မြို့လုံးလည်း ရေတဖြည်းဖြည်းတက်လာပြီ။ အဲဒီတနင်္ဂနွေညနေကနေစပြီး တစ်ညလုံးကိုရေကတောက်လျောက်တက်လာတာ။ ဘဝမှာတစ်ခါမှမကြုံဖူးတဲ့ ရေဘေးပဲဗျာ။ ကျနော်တို့ အပိုင်းက ပဲခူးရေကြီးရင် ရေသိပ်မဝင်၊ သိပ်မတက်တဲ့အပိုင်းဗျာ။ ဒါပေမဲ့ အဲဒီနေ့ ညနေကနေတက်လာတဲ့ရေက တနင်္လာည ၇ နာရီလောက်မှ တက်တာရပ်သွားတယ်ဗျာ။ ဘယ်လောက်ထိတက်လဲဆိုရင် ကျနော်တို့အပိုင်းတွေ ရင်စို့ရောက်တဲ့အထိပဲ။ ရေစီးတွေလည်း တအားသန်ပပြီး ကျနော်တို့အိမ်က နှစ်ထပ်အိမ်ဆိုတော့ အဆင်ပြေပေမယ့် တခြားတစ်ထပ်အိမ်လေးတွေကတော့ ရေဘေးကိုအကြီးအကျယ်ခံစားကြရတာပေါ့။

 

ကျနော်တို့လည်း အိမ်နီးနားချင်းတွေ၊ ဒုက္ခရောက်နေတဲ့သူတွေကို ရသလောက်ခေါ်ထားပြီးကူညီပေးပေမယ့် ရိက္ခာကျတော့ အလုံအလောက်မရှိဘူးပေါ့။ ဒါပေမဲ့ ပရဟိတတွေ၊အလှူရှင်တွေရဲ့ကျေးဇူးကြောင့် လှူတဲ့ရိက္ခာတွေထမင်းထုတ်တွေနဲ့ဆက်ပီး အားတင်းထားရတာပေါ့ဗျာ။ လူတွေဆုံးတဲ့သတင်းတွေကလည်း ကြားရတယ်ဗျာ။ ရေတက်တဲ့ညမှာတင် တစ်ယောက်ဆုံးတဲ့သတင်းတွေကြားရတယ်။ အမှတ်သုံး ကျောင်းရှေ့မှာ ရေစီးအရမ်းသန်လို့ လူသုံးယောက်မျောသွားတာ။ နှစ်ယောက်ကိုပဲ ဆယ်နိုင်တယ်။ ကျန်တဲ့တစ်ယောက်ကိုတော့ မမှီလိုက်ဘူးဆိုတဲ့သတင်းကြားရတာလည်း စိတ်မကောင်းစရာတစ်ခုပဲပေါ့ဗျာ။

 

ပြီးတော့ ရေစကြီးလို့ ကျနော်တို့ အိမ်က အရေးကြီးတဲ့ပစ္စည်းတွေကို Urgent အပေါ်ထပ်ကို‌ရွှေ့ရင်းနဲ့ ကျနော့်အမေပိုက်ဆံထုတ်ကလည်း ပြုတ်ကျပြီး ရေထဲမျောသွားတဲ့သောကကလည်း ခံစားလိုက်ရသေးတယ်။ တခြားဆုံးရှုံးမှုတွေနဲ့ယှဥ်ရင်မကြီးပေမယ့် “ကံဆိုးမသွား‌လေရာ မိုးလိုက်လို့ရွာ” ဆိုသလိုဆိုတော့ စိတ်ထဲတော့ ဘယ်ကောင်းမလဲဗျာ။ ပြီးတော့ ကျနော်တို့ လမ်းမှာ လမ်းဘေးမှာအိပ်နေတဲ့ အိမ်ရာမဲ့တစ်ယောက်ဆိုလည်း ရေတက်တဲ့ညက ရေနစ်ပြီးဆုံးသွားသေးတယ်။ အလောင်းကိုက မှော်ကန်၂၄ လမ်းလောက်မှာသွားပေါ်တယ်။ အဲဒီသတင်းတွေကလည်း စိတ်မကောင်းစရာပေါ့ဗျာ။ တကယ်ပါဗျာ။ ဒီရေဘေးက ကျနော့် သက်တမ်းတစ်လျောက်မှာ အဆိုးရွားဆုံးရေကြီးမူတစ်ခုပဲပေါ့ဗျာ။

 

ရေကျသွားတော့ အိမ်တွေမှာ‌ရော၊ လမ်းတွေမှာရော အမိူက်တွေ၊ နုန်းတွေဆိုတာ နည်း(နဲ)တာမှမဟုတ်ပဲဗျာ။ ရှယ်ကိုရှင်းရတော့တာပေါ့။ ရေတွေဆိုပြီး ဆုံးရူံးသွားတာတွေကိုလွှင့်ပစ်။ တစ်အိမ်လုံးကို တိုက်ချွတ်ဆေးကြောပြီး ဆိုင်ကယ်တွေလည်း ရေတွေမြုတ်ကုန်တော့ ပြင်ဆိုင်ကိုပို့ပြီးပြင်ရသေးတာပေါ့ဗျာ။ ဆိုင်ကယ်ဆိုင်တွေမှာ ဆိုင်ကယ်တွေတန်းစီနေတာပဲပေါ့ဗျာ။ အိမ်က အဝတ်လျှော်စက်တွေမီးစက်တွေတော့ အိမ်ပေါ်တင်လို့မရလို့ ရေတွေမြုပ်ပြီး ပြန်ပြင်ရသေးတယ်။ နောက်ထပ်မကြုံချင်လောက်အောင်ကြောက်ဖို့ကောင်းတဲ့ရေဘေးပါဗျာ။ ကျနော်တို့ထက်တောင် ဆုံးရှုံးမူအရမ်းများတဲ့သူတွေလည်း ရှိသေးတော့ ဒါတွေအတွက်လည်း စိတ်မကောင်းပိုဖြစ်ရလို့ တကယ်ကို ဆိုးရွားလှပါတယ်ဗျာ။