သမိုင်းတစ်လျှောက် ရွှေဈေးအမြင့်ဆုံးရောက်နေချိန် ရန်ကုန်နှင့် မန်းက ရွှေဆိုင် ၇ ခု စစ်ကောင်စီ ဗဟိုဘဏ် လုပ်ငန်းယာယီရပ်ဆိုင်း

Author ကိုထားဝယ်
Categories
Published on Apr 03, 2024

ရန်ကုန်မြို့က မောင်ကိန်းရွှေဆိုင်အပါအဝင် ရွှေဆိုင်သုံးခုနှင့် မန္တလေးမြို့က ရွှေဆိုင် လေးခုတို့ကို စစ်ကောင်စီဗဟိုဘဏ်က ယမန်နေ့ ဧပြီလ ၂ ရက်နေ့မှစတင်၍ လုပ်ငန်းယာယီရပ်ဆိုင်းလိုက်သည်။

 

ရန်ကုန်တိုင်းက မောင်ကိန်း၊ နယူးတိုင်စင်နှင့် ခရမ်းသုံးခွရွှေဆိုင်တို့အပြင် မန္တလေးတိုင်းက ရွှေစင်ဝင်းရွှေသန့်စင်လုပ်ငန်း၊ ရွှေမင်းသားရွှေလှော်ဖိုလုပ်ငန်း၊ မန်းစံပယ်ရွှေရောင်းဝယ်ရေးလုပ်ငန်းနှင့် မြန်မာရွှေ ရွှေဆိုင်လုပ်ငန်းတို့ စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ၏ အရေးယူခံရခြင်းဖြစ်သည်။

 

ယင်းရွှေဆိုင်များကို ဧပြီလ ၂ ရက်နေ့မှစတင်၍ အဖိုးတန်သတ္တု(ရွှေ)ရောင်းဝယ်ရေးအသိအမှတ်ပြုမှတ်ပုံတင်လက်မှတ်မရှိဘဲ လုပ်ငန်းဆောင်ရွက်ခြင်းမပြုရန် သတိပေးမှတ်တမ်းတင်လက်မှတ်ရေးထိုးစေခြင်း၊ လုပ်ငန်းယာယီရပ်ဆိုင်းခြင်းအပါအဝင် လိုအပ်သည့်အရေးယူလိုက်ခြင်းဖြစ်သည်ဟု ယမန်နေ့ ဧပြီလ ၂ ရက် ရက်စွဲဖြင့် စစ်ကောင်စီဗဟိုဘဏ်က ကြေညာချက်ထုတ်ပြန်သည်။

 

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ် ဦးဆောင်မှုဖြင့် ရွှေနှင့် ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီသည် ပူးပေါင်းအထူးစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး ရန်ကုန်နှင့် မန္တလေးတိုင်းတို့ရှိ ရွှေဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့သည်ဟု ဗဟိုဘဏ်ထုတ်ပြန်ချက်ကဆိုသော်လည်း မည်သည့်ကာလအတွင်း စစ်ဆေးခဲ့သည်ကို ဖော်ပြထားခြင်းမရှိပေ။

 

ရွှေဈေးကစားသူ၊ ဈေးကွက်မတည်မငြိမ်ဖြစ်ပေါ်စေရန် လူမှုကွန်ရက်ပေါ် ဈေးနှုန်းတင်သူများကို စစ်ကောင်စီလက်အောက်ခံ ရွှေနှင့် ငွေကြေးဈေးကွက် လုပ်ငန်းကော်မတီက စောင့်ကြည့်နေပြီး အရေးယူမှုများပြလုပ်မည်ဟု ကြေညာချက်အတွင်း ဖော်ပြထားသည်။

 

ယခုအရေးယူခံရသည့်အထဲ မောင်ကိန်းရွှေဆိုင်သည် မန္တလေးမြို့၊ ဈေးချိုအနီး ၂၀၀၆ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်အတွင်း နာမည်ကျော် ကြော်ငြာနှင့် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးက မောင်ကိန်းရွှေဆိုင်ကြော်ငြာရိုက်ကူးပေးခဲ့သည်။ နအဖခေတ် ယင်းကြော်ငြာမှာ မြန်မာလူထုအကြား ကျော်ကြားသည်။

 

ယခုကဲ့သို့ အရေးယူခံရခြင်းနှင့်ပတ်သက်၍ မောင်းကိန်းအပါအဝင် ရွှေဆိုင်အချို့ကို CJ Platform သတင်းဌာနက ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပေ။

 

ယနေ့ ဧပြီလ ၃ ရက် ရွှေဈေးနှုန်းများမှာ အခေါက်ရွှေ ၁၅ ပဲရည် တစ်ကျပ်သားလျှင် ၄၁ သိန်း သုံးသောင်းကျပ်၊ အခေါက်ရွှေ ၁၆ ပဲရည် တစ်ကျပ်သားလျှင် ၄၄ သိန်းကျပ်ရှိကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ သိရသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်