သပြေပန်းခူးစဉ် မိုင်းနင်းမိ၍ အရပ်သားတစ်ဦး ဒဏ်ရာပြင်း၍ အသက်အန္တရာယ်စိုးရိမ်ရ

Author လင်းနွေဦး
Categories
Published on Nov 29, 2023

ကရင်အမျိုးသားအစည်းအရုံး(KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း နိုဝင်ဘာ (၂၈)ရက်နေ့က စစ်ကောင်စီတပ်များထောင်ထားသော မိုင်းနင်းမိသဖြင့် အရပ်သားတစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း KNU ထံမှ သိရသည်။

 

ကော့ကရိတ်မြို့ရှိ ဝေါလေအခြေစိုက် ဝေါလေဗျူဟာကုန်းမှ စစ်ကောင်စီတပ်များသည် အနီးရှိ ပြည်သူများနေထိုင်ရာ ကျေးရွာများအနီးတွင် မြေမြှုပ်မိုင်းများ လိုက်လံထောင်ထားခဲ့သဖြင့် သပြေပန်းများခူး၍ရောင်းချသော ဝေါလေကျေးရွာနေ အမျိုးသား(၁)ဦးမှာ သပြေခက်ရှာခူးနေစဉ် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။

 

မိုင်းပေါက်ကွဲသဖြင့် အဆိုပါ ပြည်သူ၏ ခြေထောက်နှစ်ဖက်စလုံးတွင် ပြင်းထန်ဒဏ်ရာရရှိခဲ့သဖြင့် နီးစပ်ရာ ဆေးကုခန်းတွင် လိုအပ်သောဆေးဝါးကုသမှုများဆောင်ရွက်ပေးခဲ့သော်လည်း စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေသည်ဟု KNU က ဆိုသည်။

 

ထို့ပြင် စစ်ကောင်စီတပ်များသည် KNU အုပ်ချုပ်မှုနယ်မြေအတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတို့ကို နေ့စဉ်နှင့်အမျှ လုပ်ဆောင်နေခြင်းကြောင့် နိုဝင်ဘာလ(၁)ရက်နေ့မှ ယနေ့အထိ အရပ်သားပြည်သူ(၂၈)ဦး ထိခိုက်ဒဏ်ရာရရှိကာ (၁၇)ဦးသေဆုံးပြီး နေအိမ် (၅၈) လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု KNU ၏ တရားဝင်ထုတ်ပြန်သော စာရင်းမှတ်တမ်းအရ သိရသည်။