သထုံနှင့် ကျိုက်ထိုတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားပိုင် အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီး

Author လင်းနွေဦး
Categories
Published on Dec 04, 2023

မွန်ပြည်နယ်၊ သထုံနှင့် ကျိုက်ထိုမြို့နယ်တို့တွင် တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပိုင် နွား ၁၇ ကောင် သေဆုံးပြီး နေအိမ် (၃) လုံးထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)အုပ်ချုပ်မှုနယ်မြေ၊ ဒူးသဒူ(သထုံ)ခရိုင် ကျိုက်ထိုမြို့နယ်၊ ချောင်းပြန့်ကျေးနယ်၊ ပိုင်ထားဝယ်ကျေးရွာအတွင်းသို့ နိုဝင်ဘာ (၂၉)ရက်နေ့ နံနက် (၈)နာရီ(၁၅)မိနစ်ခန့်တွင် စစ်ကောင်စီလက်အောက်ခံ အမှတ်(၈) ခြေလျင်တပ်ရင်းမှ လက်နက်ကြီး (၂)လုံး ပစ်ခတ်ခဲ့သောကြောင့် ရွာအလယ်ရှိ နွားခြံ(၂)ကြားကျရောက် ပေါက်ကွဲသဖြင့် နွား(၂)ကောင် လက်နက်ကြီးစ ထိမှန်သေဆုံးခဲ့ရပြီး နောက်ထပ် နွား(၂)ကောင် ဗုံးစထိမှန် ဒဏ်ရရရှိခဲ့ကြောင်း KNU ၏ ယနေ့နေ့စွဲဖြင့်  ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် သထုံမြို့နယ်အတွင်း ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ(၃)နာရီခန့်တွင် စစ်ကောင်စီ လက်အောက်ခံ (၄၀၂)အမြှာက်တပ်ရင်းမှ ကဇိုင်းကျေးရွာအတွင်းသို့ လက်နက်ကြီး (၃)လုံး ပစ်ခတ်ခဲ့သဖြင့် ကျေးရွာအနီး လယ်ကွင်းအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ရာ လယ်ကွင်းအတွင်းရှိ ပြည်သူပိုင် နွား(၁၅)ကောင်မှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရသည်ဟု ဆိုသည်။

 

ယင်းတစ်ရက်တည်း၌ သထုံမြို့အခြေစိုက် (အမတ-၃၁၄)တပ်ရင်းမှ ညနေ (၄)နာရီ(၄၀)မိနစ်ခန့်တွင် လက်နက်ကြီး (၂)လုံး၊ ဘီးလင်းမြင်သာတောင်တွင် တပ်စွဲသော(ခလရ-၈)တပ်ရင်းမှ ည (၇)နာရီ(၂၀)မိနစ်ခန့်တွင် လက်နက်ကြီး(၂)လုံးတို့ အသီးသီးပစ်ခတ်ခဲ့ရာ ကုန်းရွာအတွင်းသို့(၁)လုံးကျရောက်ပေါက်ကွဲခဲ့ပြီး စာသင်ကျောင်း‌ဆောင်တစ်ခုနှင့် လူနေအိမ် (၂)လုံး ထိခိုက်ပျက်စီးခဲ့ရကြောင်း နောက်ထပ် လက်နက်ကြီး(၂)လုံးမှာ ဝါးဖောကုန်းနှင့် ကျုံမှိန်ကျေးရွာတို့အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ပြည်သူပိုင်စိုက်ခင်းများနှင့် စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရကြောင်း KNU ၏ ထုတ်ပြန်ချက်အတွင်း ဖော်ပြသည်။