သထုံတွင် နနွင်းဈေးထက်ဝက်ကျ၍ တောင်သူများ အရှုံးပေါ်

Author နေညို
Categories
Published on Jan 23, 2024

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေ၊ သထုံခရိုင် တပ်မဟာ(၁)အတွင်း နနွင်းဈေးထက်ဝက်ကျသည့်အပြင် ထွက်နှုန်းကျဆင်းခြင်းကြောင့် တောင်သူများ အရှုံးပေါ်နေကြောင်း နနွင်းစိုက်တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

နနွင်းအစိုဈေးနှုန်းသည် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းပြောင်းလဲခြင်း မရှိသော်လည်း နနွင်းအခြောက်မှာ ယခင်နှစ်က တစ်ပိဿာ ကျပ် ၆၀၀၀ ခန့်ရှိရာမှ ယခုအခါ တစ်ပိဿာ ကျပ် ၃၀၀၀ ခန့်သာရှိကြောင်း နနွင်းစိုက်တောင်သူများက ဆိုသည်။

 

“မနှစ်ကဈေးနဲ့ ဒီနှစ်ဈေးက သိပ်မကွာဘူး။ မနှစ်က နနွင်းအစို တစ်ပိဿာ ကျပ် ၅၀ဝ၊ ဒီနှစ်ဈေးလည်း ၁ ပိဿာကျပ် ၅၀ဝ ပဲ။ နနွင်းခြောက်ကတော့ နည်းနည်းကွာတယ်။ မနှစ်က တစ်ပိဿာ (ကျပ်)ခြောက်ထောင်၊ ဒီနှစ်ကတော့ သူများလာယူတာ။ တစ်ပိဿာ (ကျပ်)၃၀ဝ၀ ပဲ” ဟု တပ်မဟာ ၁ ဒေသအတွင်းရှိ နနွင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ် နနွင်းထွက်ရာသီတွင် နနွင်းဈေးကောင်းရခြင်းနှင့် နနွင်းထွက်နှုန်းများခဲ့ခြင်းကြောင့် ယခုနှစ်တွင် ပိုမိုစိုက်ပျိုးခဲ့သော်လည်း ထွက်နှုန်းလျော့ကြောင်း တောင်သူများက ဆိုသည်။

 

“မိုးနှောင်းကောင်းတာပေါ့နော်။ မိုးကောင်းလို့လည်း နနွင်းဥတွေ ပုပ်ကုန်တာလည်းရှိတယ်။ ဒါကြောင့် ထွက်နှုန်းလည်း ကျကုန်တာပေါ့။ အရင်က နနွင်းတစ်ဧကစိုက်ရင် ပျမ်းမျှပိဿာ သုံးထောင်ကနေ ပိဿာ ငါးထောင်လောက်ရတယ်။ ခုနနွင်းရာသီမှာ အရင်ပိဿာချိန်လောက်မရတော့ဘူး” ဟု နနွင်းစိုက်ခင်း ပုတ်ပြတ်ဝယ်ယူသူတစ်ဦးက ပြောသည်။

 

ထို့ပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံလုပ်သားခ ဈေးနှုန်းမြင့်တက်လာသည့်အတွက် ပိုမို အရှုံးပေါ်ရကြောင်း နနွင်းစိုက်ခင်း ပုတ်ပြတ်ဝယ်သူများက ဆိုသည်။

“ အရင်က နနွင်းဥပေါ်ချိန်ဆို မိန်းခလေး ကျပ်ငါးထောင်၊ ယောကျာ်းလေးဆို (ကျပ်)ရှစ်ထောင်၊ ယခုနှစ်နနွင်းပေါ်ချိန်မှာ မရတော့ဘူး။ မိန်းကလေးဆို (ကျပ်)ရှစ်ထောင်၊ ယောကျာ်းလေးဆို (ကျပ်)တစ်သောင်းပဲ” ဟု နနွင်းစိုက်ခင်းပုဒ်ပြတ်ဝယ်သူတစ်ဦးက ပြောသည်။

 

သထုံခရိုင် တပ်မဟာ(၁)အတွင်းရှိ ဒေသခံများသည် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှ စတင်၍ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမှုတို့ကြောင့် အခြားသော သီးနှံစိုက်ပျိုးမှုထက် ကရိကထနည်းပါးသည့် နနွင်းစိုက်ပျိုးမှုကို သိသိသာသာ တိုးမြှင့်စိုက်ပျိုးလာကြောင်း သိရသည်။

 

နနွင်းကို မြန်မာပြည်အနှံ့တွင် ဧပြီ-မေလတို့အတွင်းစတင်စိုက်ပျိုးကြပြီး ဒီဇင်ဘာ-ဇန်နဝါရီလများအတွင်း ရိတ်သိမ်းကြကြောင်း တောင်သူများထံမှ သိရသည်။

 

ဓာတ်ပုံ – နေညို

 

ပုံစာညွှန်း – သထုံခရိုင်အတွင်းရှိ နနွင်းစိုက်ခင်း တစ်နေရာအား မြင်ရပုံ