သတ္တုတွင်းများဖြင့် ကမ္ဘာကျော်သော နမ္မတူမြို့ကို TNLA အလုံးစုံသိမ်းပိုက်

Author ခေတ်နီ
Categories
Published on Dec 28, 2023

သတ္တုတွင်းများဖြင့် ကမ္ဘာကျော်သော ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်အတွင်းရှိ နမ္မတူမြို့ကို ယနေ့ နံနက်ပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အလုံးစုံသိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း TNLA နှင့် နီးစပ်သူများမှ အတည်ပြုပြောကြားသည်။

 

နမ္မတူမြို့ရှိ ခမရ ၃၂၄ တပ်စခန်းကို ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် TNLA ကအပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်မှုများအပြင်  Mi35 ရဟတ်ယာဥ်၊ Y12 လေယာဥ်များဖြင့် ဗုံးကြဲခုခံခဲ့သော်လည်း လက်လွတ်လိုက်ရခြင်းဖြစ်သည်ဟု သိရသည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ ရက်မှစတင်သည့် နမ္မတူမြို့သိမ်းတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ရုရှားထုတ် SU30  တိုက်လေယာဥ်များ အသုံးပြုခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယင်းအချက်ကို အတည်ပြုနိုင်ရန် CJ Platform က ဆက်လက်ကြိုးပမ်းနေဆဲဖြစ်သည်။

 

ထိုနမ္မတူမြို့သိမ်းတိုက်ပွဲများအတွင်း အရပ်သားသုံးဦး သေဆုံးခဲ့ပြီး ထိခိုက်မှုများလည်းရှိခဲ့ကြောင်း သိရသည်။

 

“အရပ်သား နှစ်ဦးသေတယ်။ ခုနစ်ဦးဒဏ်ရာရတယ်။ နေအိမ် ဆယ်လုံးနီးပါးထိတယ်။ စစ်တပ်ဘက်က သေတာနဲ့ ထိခိုက်မှုတွေတော့ မသိရသေးဘူး။ ခုပြုစုတုန်း” ဟု CJ Platform သတင်းဌာန၏ TNLA သတင်းရင်းမြစ်က ပြောသည်။

 

TNLA တပ်များအနေဖြင့် ယခုနမ္မတူမြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မန်တုံမြို့၊ နမ့်ခမ်း၊ နမ့်ဆန်နှင့် မိုင်းလုံမြို့များအပါအဝင် မြို့ငါးမြို့အထိသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်။