သတင်းမှား၊ လုပ်ကြံသတင်းတို့ရဲ့ အန္တရာယ် ဘယ်လောက်ကြီးသလဲ?

Author မင်းထက်
Categories
Published on Oct 21, 2023

မြန်မာလို “သတင်း”၊ အင်္ဂလိပ်လို “NEWS”

မြန်မာက “သတင်း” ဆိုတာကို ယခုလိုအဓိပ္ပာယ်ဖွင့်ပါတယ်။
“ကြားသိအပ်သော အကြောင်းအရာ၊ အဖြစ်အပျက်”

အင်္ဂလိပ်ကတော့ N-North, E-East, W-West, S-South ဆိုတဲ့ ရှေ့စာလုံးများကိုပေါင်းပြီး NEWS ဖြစ်လာခြင်းဖြစ်ပါတယ်။ သူ့ရဲ့အဓိပ္ပာယ်ကတော့ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ နေရာအားလုံးက သတင်းအချက်အလက်‌တွေလို့ သဘောဆောင်ပါတယ်။

သတင်းတွေဟာ လူသားထုအတွက် အရေးကြီးပါတယ်။လူသားတို့ နေ့စဥ်စားသုံးနေကြတဲ့ အစာအာဟာရလို သတင်းဟာလည်း စိတ်ကို အာဟာရတစ်ခုဖြစ်စေပါတယ်။

ကောင်းသတင်းရဲ့ အကျိုးကျေးဇူးကြောင့် သတင်းစားသုံးသူတို့ရဲ့ ပိုင်းခြားချင့်ချိန်နိုင်တဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ တီထွင်ဖန်တီးဉာဏ်၊ ပညာဉာဏ်နဲ့ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိမှုဆိုပြီး စိတ်ခံစားချက်ပေါ်မူတည်ပြီး ရရှိခံစားရမှာဖြစ်ပါတယ်။ မကောင်းသတင်းရဲ့ အကျိုးကတော့ သူနဲ့ဆန့်ကျင်ဘက်ဖြစ်ပါတယ်။

သတင်းဆိုတာ အလွန်နူးညံ့သိမ်မွေ့ကာ ထိလွယ်ရှလွယ်ပေါက်ကွဲလွယ်တဲ့ လက်နက်ကြီးတစ်ခုလိုပါပဲ။ ဘယ်အကြောင်းအရာမဆို ဖြန့်ဝေသူရဲ့ အာဘော်နဲ့ လိုရာစွဲရေးတာမျိုးတွေ ရောပြွန်းနေလေ့ရှိတတ်ပါတယ်။

အဲဒီလိုနည်းလမ်းနဲ့ သတင်းတွေကို ရည်ရွယ်ချက်နဲ့ တလွဲအသုံးပြုခြင်းများကြောင့် အန္တရာယ်ဖြစ်စေပြီး သတင်းရဲ့ အဓိပ္ပာယ်နဲ့ ရည်ရွယ်ချက်အကျိုးဆက်မှာလည်း ပြောင်းလဲစေပါတယ်။

ဒီလိုပြုလုပ်ရာမှာ နှစ်မျိုးရှိပါတယ်။ သတင်းမှား(Misinformation)နဲ့ လုပ်ကြံသတင်း(Disinformation)ဆိုပြီးဖြစ်ပါတယ်။

သတင်းမှား (Misinformation)ဆိုတာဘာလဲ။

သတင်းမှားဆိုတာ ထိခိုက်လိုတဲ့ရည်ရွယ်ချက်မရှိဘဲ သတင်းတုသတင်းမှားကိုခွဲခြားမသိဘဲ စိတ်ခံစားချက်ကို အခြေခံပြီး ပြည်သူများသိရှိအောင်ပြန်လည်မျှဝေတဲ့ သတင်းအမှားမျိုးဖြစ်ပါတယ်။

လုပ်ကြံသတင်း(Disinformation)ဆိုတာဘာလဲ။

လုပ်ကြံသတင်းဆိုတာ နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး စတဲ့အကြောင်းအရာတွေရဲ့ အကျိုးစီးပွားတစ်ခုခုကို မျှော်မှန်းပြီး အများပြည်သူ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက်ရှိရှိ တင်ဆက်တဲ့ သတင်းမျိုးဖြစ်ပါတယ်၊

လုပ်ကြံသတင်းနဲ့ သတင်းမှားတွေဟာ လူထုအတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာဖြစ်စေပါတယ်။ သတင်းအချက်လက် နည်းပညာတိုးတက်လာခြင်းနဲ့အတူ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာဖြစ်လာခဲ့ပါတယ်။ အဲဒီလိုဖြစ်လာတာနဲ့အတူ သတင်းမှားနဲ့ လုပ်ကြံသတင်းတွေဟာလည်း ပေါများလာခဲ့ပါတယ်။

တချို့ သတင်းမှားတွေကြောင့် လူအသက်ပေါင်းများစွာ သေဆုံးရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဥပမာ ၂၀၁၈ ခုနှစ်တုန်းက အိန္ဒိယမှာ လူမှုကွန်ရက်ကနေ ကလေးခိုးမှုနဲ့ဆက်စပ်တဲ့ သတင်းမှားတွေကြောင့် အုပ်စုဖွဲ့အပြစ်ပေးမှုတွေ များပြားလာပြီး လူအုပ်ကြီးနဲ့ ၀ိုင်းရိုက်မှုကြောင့် အနည်းဆုံး ၂၉ ဦးသေဆုံးခဲ့ရပါတယ်။

လုပ်ကြံသတင်းတွေဟာ လူထုရဲ့ အမြင်သဘောထား၊ စိတ်ခံစားမှုကို ထိနိးချုပ်လွှမ်းမိုးကာ ကျိုးကြောင်းဆီလျော်စွာ စဥ်းစားနိုင်စွမ်း ယုတ်လျော့စေသလို လူထုရဲ့ စိတ်ခံစားချက်ကို နှိုးဆွပေးတဲ့အနေနဲ့ လူထုအတွင်း ကြောက်ရွံ့မှု၊ စိုးရိမ်သံသယများမှု၊ အမုန်းတရားများကို ပွားများစေပါတယ်။

သတင်းမှားနဲ့ လုပ်ကြံသတင်းတို့ကိုဖော်ပြပုံတွေမှာ (၁)သရော်စာ သို့မဟုတ် အပြောင်အပျက်၊(၂) အဆက်အစပ်အမှား၊(၃) လှည့်ဖျားမှားယွင်းသောတင်ဆက်ချက်၊(၄) အခြေအနေအခင်းအကျဥ်းအမှား၊(၅) အယောင်ဆောင်တင်ဆက်ချက်၊(၆) ပြုပြင်စီမံတင်ဆက်ချက်နဲ့(၇) အစအဆုံးလုပ်ကြံဖန်တီးတင်ဆက်ချက် ဟူ၍ ၇ မျိုးခွဲခြားနိုင်ပါတယ်။

သတင်းအမှားလုပ်ကြံသူတွေဟာ စာနဲ့ ပုံတွေကိုအသုံးပြုလာရုံသာမက ဗီဒီယိုတွေပါသုံးပြီး Youtube၊ Facebook၊ VK နဲ့ Tiktok တို့လို Social Platform တွေမှာ တွင်တွင်ကျယ်ကျယ် ဖြန့်ဝေလာကြပါတယ်။

မြန်မာနိုင်ငံတွင် လူသုံးအများဆုံးဖြစ်သော Facebook လူမှုကွန်ရက်ဟာ နေ့စဉ်သတင်းဖြန့်ဝေရာ နေရာတစ်ခုဖြစ်လာသလို သတင်းတုသတင်းမှားနဲ့ အမုန်းစကားပေါက်ဖွားရာ နေရာတစ်ခုဖြစ်ပါတယ်။

အဲဒီလူမှုကွန်ရက်ကလာတဲ့ သတင်းအမှားနဲ့ လုပ်ကြံသတင်းများကြောင့် လူထုအတွင်း သတင်းညစ်ညမ်းမှု တိုးပွားလာခြင်းနဲ့အတူ လူတစ်ဦးတစ်ယောက်ခြင်းစီတိုင်းရဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းတွေပါ ထိခိုက်စေနိုင်ကာ လူမှုကွန်ရက်ပေါ်မှာ အမုန်းစကားများတိုးပွားလာစေပါတယ်။

အဲဒီကနေတစ်ဆင့် လူမျိုးရေးအုပ်စုများကွဲပြားပြီး တစ်ဖက်နှင့်တစ်ဖက် မယုံကြည်မှုများတိုးပွားလာစေပြီး လူ့ပင်ကိုစရိုက်အရ ထိလွယ်ရှလွယ်ပြီး သွေးဆူလွယ်တဲ့ လူ့အသိုက်အ၀န်းမှာ အစုအဖွဲ့များအကြား ပဋိပက္ခများလည်းတိုးပွားစေပါတယ်။

သတင်းတု၊ သတင်းမှားတွေကို ခွဲခြားသိမြင်နိုင်ဖို့ သတင်းအချက်အလက်တစ်ခုရဲ့ အခြေအနေနဲ့ အချက်အလက်ဖြစ်ပေါ်ရတဲ့ အကြောင်းရင်း၊ သက်ရောက်နိုင်တဲ့အတိုင်းအတာ ကို ပိုင်းခြားစိစစ်ခြင်း၊ ဝေဖန်ဆန်းစစ်ခြင်း၊ တွေးခေါ်စဉ်းစား ဆင်ခြင်သုံးသပ်ခြင်း ဆိုတဲ့ နည်းစနစ်ကျကျ တွေးခေါ်ပြီး သတင်းတု၊ သတင်းအမှားတွေရဲ့ ဘေးအန္တရာယ်ကနေ ရှောင်ရှားနိုင်ကြပါစေ။