သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို စစ်ကောင်စီက ထောင်သုံးနှစ် ချမှတ်

Author အောင်နိူင်သူ
Categories
Published on Oct 07, 2022

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အင်းစိန်အကျဥ်းထောင်ရှိ စစ်ကောင်စီ၏ အထူးတရားရုံးမှ ယနေ့ နေ့လည်ပိုင်းက ပုဒ်မ၅၀၅ (က)ဖြင့် ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့သည်ဟု ရှေနေအသိုင်းအဝိုင်းက သိရသည်။

“သူဘက်က ရှေနေကတော့ အယူခံဝင်ဖို့လုပ်နေတယ် အမိန့်ချတာ မတရားလို့ နောက်ထပ်ဆွဲထားတဲ့ ပုဒ်မ ၁၂၄(က) အမှုကျန်သေးတယ် ထပ်ပြီးအမှုရင်ဆိုင်ရမှာ”ဟုတရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်အနေဖြင့် ဗဟန်းမြို့နယ်တရားရုံးနှင့် အရှေပိုင်းခရိုင်တရားရုံးမှ တရားစွဲဆိုထားသော ပုဒ်မ ၅၀၅(က)နှင့်ပုဒ်မ ၁၂၄(က)တို့ကို ထပ်မံအမှုရင်ဆိုင်ရမည် ဖြစ်သည်ဟု တရားရုံးနှင့် နီးစပ်သူတွေဆီက သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်က ဗဟန်းမြို့ရှိ ရွှေဂုံရိပ်မွန်အိမ်ရာမှာ BBC မှ ရုပ်သံတင်ဆက်သူ မထက်ထက်ခိုင်နှင့်အတူ ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဦးစည်သူအောင်မြင့်နှင့်အတူ ဖမ်းဆီးခံရသည့် မထက်ထက်ခိုင်ကို ပြီးခဲ့သည့် စက်တင်ဘာ ၁၅ ရက်က အင်းစိန်အကျဥ်းထောင်ရှိ အထူးတရားရုံးမှ ပုဒ်မ ၅၀၅ – က ဖြင့်ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပြီး စက်တင်ဘာလ ၂၇ ရက်နေ့တွင်ပုဒ်မ – ၁၇/၁ဖြင့် ထောင်ဒဏ်သုံးနှစ်ထပ်မံ ချမှတ်ခဲ့တာလည်းရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံအတွင်းသတင်းသမား ၁၄၀ ကျော် ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် စစ်ကောင်စီလက်ချက်ကြောင့် သေဆုံးသူ သတင်းထောက်လေးဦးရှိသည်။

Related News

Depend on news