သစ်မောင်းပင်ရိပ် ခို


သစ်မောင်းပင်ရိပ် ခို..

 

ခေါင်းစဉ်ကြည့်ပြီး လူတစ်ရပ်စာသာသာရယ်ရှိတဲ့ သစ်မောင်းပင်ကို လူတွေ ဘယ်လိုခိုနားကြမလဲ အတွေးဝင်မိသွားကြဖွယ်ပါပဲ။

 

ဟုတ်ပါတယ်။ အညာက မိသားစုဝင်တွေဟာ တကယ်ကို သစ်မောင်းပင်ရိပ်ကို ခိုနေကြရပါပြီ။

 

ဘယ်လိုခိုကြရတာပါသလဲ။

 

တောရွာဓလေ့ အိမ်ဆောက်မယ်ဆို သက္ကာယ်နဲ့ ဓနိကိုသာ ပြေးမြင်မိမှာပါ။ အညာဒေသဆိုရင်တော့ ထန်းလက်ရယ်ပေါ့။ ဒါပေမဲ့ သစ်မောင်းပင်ကတော့ အဲဒီအရာတွေထက် အလွယ်တကူရနိုင်ပါတယ်။

 

သစ်မောင်းပင်လေးတွေဟာ လမ်းဘေး တစ်မျိုး၊ ကွင်းပြင်နဲ့ အိမ်ဝိုင်းထဲ တစ်သွယ် မြေလွတ်ရှိရာ အတော်များများမှာ ပေါက်ရောက်လေ့ရှိကြပါတယ်။

 

“အိမ်ရဲ့အမိုးအကာအနေနဲ့ အသုံးများတဲ့ သက္ကာယ်၊ ထန်းလက်ရှားလို့ ဒေသမှာ အလေ့ကျပေါက်တဲ့ သစ်မောင်းပင်တွေကိုပဲ အသုံးပြုနေရတယ်” လို့ မကွေးတိုင်း ပေါက်မြို့နယ်က ဒေသခံတစ်ဦးက ပြောပါတယ်။

 

ဒေသအခေါ် သစ်မောင်းကို သိပ္ပံအခေါ်ကတော့ Phoenix reclinata လို့ခေါ်ပါတယ်။ သူ့မျိုးရင်းက မြန်မာနိုင်ငံက မဟုတ်ဘဲ အပူပိုင်းဒေသဖြစ်တဲ့ အာဖရိကတိုက်က ဆီနီဂေါဒေသမှာ အရင်းမြစ်မျိုးစိတ်ပါ။ ဒီအပင်တွေဟာ မတူညီတဲ့ ရာသီဥတုအခြေအနေနဲ့အတူ နေရာဒေသအမျိုးမျိုးမှာ ကောင်းစွာရှင်သန်နိုင်ကြပါတယ်။

 

မြန်မာနိုင်ငံ အနှံ့အပြားမှာ သစ်မောင်းပင်တွေကို တွေ့မြင်နိုင်ပေမဲ့ အညာဒေသလို အပူပိုင်းဒေသမှာ ပိုမိုအတွေ့များပါတယ်။ မျိုးရင်း အာဖရိကဒေသမှာ သစ်မောင်းပင်တွေဟာ ၃၅ ပင်အမြင့်ထိရှိကြပေမဲ့ မြန်မာမှာတော့ ပုပြတ်ပြတ်နဲ့ ၅ ပေလောက်သာ အမြင့်ရှိကြတာပါ။

 

စစ်ရေးပြင်းထန်နေတဲ့ မကွေးတိုင်းထဲ သစ်မောင်းပင် အကိုင်းအခက်တွေကို အသုံးပြုပြီး အိမ်ရဲ့အမိုးအဖြစ် စစ်ဘေးရှောင်တွေဟာ ရက်လုပ်နေထိုင်နေကြရပါတယ်။

 

အမိုးဘယ်လိုလုပ်?

 

“ရက်လုပ်တာတော့ သက်ကယ်နဲ့ သစ်မောင်းက တူတယ်။ သစ်မောင်းက အဲဒီဒေသမှာတော့ သဘာဝအတိုင်းပေါက်တာတွေဆိုတော့ အလွယ်တကူရတယ်။ ထန်းလက်ကတော့ အညာမှာ အများဆုံးသုံးတယ်။ သူကတော့ အရွက်လိုက် ထန်းကြောထိုးပြီး ကပ်ချည်ပြီးမိုးတာပဲ” လို့ အညာဒေသခံတစ်ဦးက ပြောပြပါတယ်။

 

သစ်မောင်းပင်ကနေ အကိုင်းတွေကို ဖြတ်တောက်ယူဆောင်ကာ ခွဲစိတ်ဖြတ်တောက်ပြီးနောက် ညှိုးနွမ်းစေရန် နေပြရကြောင်း၊ အဲဒီနောက် ဝါးတံတွေနဲ့ပျစ်ပြီး သက်ကယ်ထိုးတဲ့ ပုံစံများ ရက်လုပ်အသုံးပြုကြရတာ ဖြစ်ပါတယ်။

 

“နေထိုင်ရတာတော့ သဘာဝပစ္စည်းတွေဆိုတော့ နေရတာ ကောင်းတယ်။ သွပ်တွေလို ပူတာမျိုးမရှိဘူးပေါ့ဗျာ” လို့ စစ်ကိုင်းက အညာသားကြီးတစ်ဦးက ဖွင့်ဟပါတယ်။

 

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်တွေကြောင့် နိုင်ငံတစ်ဝှမ်း နေအိမ် ၇၈,၇၃၇ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့  Data for Myanmar ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီထဲ အညာဒေသမှာ ထိပ်ဆုံးက စာရင်းဝင်နေပါတယ်။

 

အဲဒီလို အညာဒေသ နေထိုင်ရေးအခက်အခဲကို ဖြေရှင်းနိုင်ဖို့ သစ်မောင်းပင်တွေဟာ အခရာကျခဲ့ရပါတယ်။

 

အဲဒီဒေသထဲ ဒီလို မီးဘေးသင့်ပြည်သူတွေကို S&C ဆိုတဲ့အဖွဲ့အစည်းတစ်ခုက နေထိုင်ရေးအခက်အခဲတွေအပြင် စားရေးသောက်ရေးတွေကို အကူအညီတွေပေးနေပါတယ်။

 

လတ်တလော သူတို့ဟာ မကွေးတိုင်း ပေါက်ဒေသထဲက ပြန်လည်ထူထောင်ဖို့ခက်ခဲနေတဲ့ မီးဘေးသင့်ပြည်သူတွေအတွက် သစ်မောင်းတွေနဲ့ ရက်လုပ်ထားတဲ့ အိမ်အလုံး ၄၀ ကို လှူဒါန်းထားတဲ့အကြောင်း သိရပါတယ်။

 

ဒါပေမဲ့ ပေါက်မြို့နယ်ထဲ စစ်ကောင်စီတပ်တွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်ထောင်နဲ့ချီဆုံးရှုံးထားတာပါ။ အဲဒီထဲက ကနဦးလှူဒါန်းမှုအနေနဲ့ S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ပြုလုပ်ထားနိုင်တဲ့အဆင့်ပဲရှိပါသေးတယ်။

 

ဆက်လက်လှူဒါန်းမှုတွေပြုလုပ်မယ့်အကြောင်းလည်း အဲဒီက တာဝန်ရှိသူက CJ Platform ကို ပြောပါသေးတယ်။

 

“အဲဒီဒေသမှာ မီးလောင်ထားတဲ့အိမ်တွေက အများကြီးပဲလေ။ ကျွန်တော်တို့ ခုလောလောဆယ် အဲဒီဒေသကို အိမ်ခြေ ၂၀ဝ လောက် လှူမယ်လို့ ခန့်မှန်းထားတယ်” လို့ S&C အဖွဲ့ တာဝန်ခံက ရှေ့အကြောင်းကို ဖွင့်ဟလာပါတယ်။

 

လက်ရှိ အိမ်အလုံး ၄၀ လှူဒါန်းမှုမှာ အိမ်တစ်လုံးကို ကျပ် ၂ သိန်း ၅ သောင်းဝန်းကျင်ကုန်ကျတယ်လို့ဆိုပြီး နှစ်ခန်းတွဲ၊ သုံးခန်းတွဲအဖြစ် ဆောက်လုပ်ပေးထားတဲ့အကြောင်း အညာဒေသခံတစ်ဖြစ်လည်း သူက ဆက်ရှင်းပြပါတယ်။

 

S&C အဖွဲ့က လှူဒါန်းတဲ့အိမ်တွေမှာ သစ်မောင်းရွက်တွေကိုပဲ ရက်လုပ်ပြီး အမိုးတွေကိုအသုံးပြုတယ်လို့ အညာဒေသခံတစ်ဦးက ပြောပါတယ်။ အမိုး သစ်မောင်း၊ အကာ ထရံနဲ့ ဝါးကတ်တို့နဲ့အတူ အခင်း ဝါးကတ် အိမ်လေးတွေရယ်ပါ။

 

ဒီလိုဆောက်လုပ်ထားတဲ့ အိမ်လေးတွေဟာ စစ်ကောင်စီကြောင့် အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးရတဲ့ အညာသူ/သားကြီးတွေရဲ့ ရင်တွင်းအပူကို အေးအောင်မစွမ်းနိုင်သော်ငြား ပြင်ပအပူကိုတော့ အေးအောင် စွမ်းပေးနေကြပါတယ်။

 

တဖန် သစ်မောင်းအမိုးလေးတွေဟာ စစ်ကောင်စီရဲ့ဗုံးဒဏ်ကို မကာကွယ်နိုင်ပေမဲ့ ကောင်းကင်က နေဒဏ်၊ မိုးဒဏ်ကိုတော့ ကာကွယ်ပေးနိုင်ကောင်းပါရဲ့…

 

ဆိုတော့ သစ်မောင်းပင်လေးတွေရှင်သန်နေသ၍ အညာသူ/သားတွေရဲ့ အမိုးအတွက် စိတ်မပူရသလို အညာဒေသက ကာကွယ်ရေးတပ်တွေကရော စစ်ကောင်စီတပ်သားတွေရန်ကနေ ဘယ်လောက်အထိ အကာကွယ်ပေးနေကြပါသလဲ။

 

အဖြေက…

 

ဓာတ်ပုံ – S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့