သင်္ဃန်းညီနောင်က ခမရ ၃၅၅ ကို အပြီးသတ်သိမ်းပိုက်

Author CJ Platform
Categories
Published on Mar 09, 2024

ကရင်ပြည်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်အနီးက စစ်ကောင်စီ၏ ခမရ ၃၅၅ တပ်ရင်းတစ်ခုလုံးကို ယမန်နေ့ ညပိုင်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KLNA)နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မြေပြင်သတင်းရင်းမြစ်တစ်ဦးက CJ Platform သို့ အတည်ပြုပြောကြားသည်။

 

မတ်လ ၇ ရက်မှစတင်၍ ခမရ ၃၅၅ နှင့် ၃၅၆ တို့ကို တပြိုင်တည်း တိုက်ခိုက်ခဲ့ရာ ယမန်နေ့ မတ်လ ၈ ရက်နေ့က ခမရ ၃၅၅ ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့်အပြင် သင်္ဃန်းညီနောင်မြို့မရဲစခန်းကိုလည်း KNLA နှင့် ပူးပေါင်တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

 

“ မတ်လ ၇ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်တာ။ သိမ်းတဲ့ညမှာတင် စစ်ကောင်စီဘက်က လေကြောင်းဗုံးလာကြဲတယ်။ ဗုံးတွေကြဲနေတဲ့ကြားက မနေ့ညကပဲ ကျွန်တော်တို့ သိမ်းလိုက်နိုင်တယ်”  ဟု KNLA လက်အောက်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

 

အဆိုပါတိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေ အသေးစိတ်ကိုမူ ထုတ်ဖော်ပြောကြားနိုင်ခြင်းမရှိသေးဘဲ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိခဲ့ကြောင်း ၎င်းက ပြောသည်။

 

လတ်တလော သင်္ဃန်းညီနောင်အနီးတဝိုက်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး ခမရ ၃၅၆ ကို ထပ်မံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေကြောင်း တော်လှန်ရေးရဲဘော်က ပြောသည်။