သင်္ဃန်းကျွန်းပို့စ် အယ်ဒီတာချုပ်နှင့် တာဝန်ခံအယ်ဒီတာတို့ အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်ခံရ

Author ခေတ်နီ
Categories
Published on Dec 16, 2022

သင်္ဃန်းကျွန်းပို့စ် အယ်ဒီတာချုပ် ကိုဝေလင်းယုနှင့် တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို စစ်ကောင်စီက ပေါက်ကွဲစေတတ်သော အက် ဥပဒေ ပုဒ်မ (၅) ဖြင့် ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ငါးနှစ်စီ ချမှတ်လိုက်ကြောင်းသိရသည်။

ကိုဝေလင်းယုနှင့် မထက်ထက်အောင်တို့သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလက မြောက်ဥက္ကလာ မြို့နယ်အတွင်းသို့ သတင်းသွားယူနေစဉ် စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး တစ်နှစ်ကျော်အကြာတွင် ယခုလို ထောင်ဒဏ်များ ချမှတ်ခံရခြင်းဖြစ်သည်။ ပေါက်ကွဲစေတတ်သော အက် ဥပဒေ ပုဒ်မ (၅) သည် အနိမ့်ဆုံး ထောင်ဒဏ် (၅) နှစ်မှ (၁၄) နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မအမျိုးအစားဖြစ်သည်။

လက်ရှိတွင် အယူခံ ဆက်တက်မတက်ကို မသိရှိရသေးဘဲ ၎င်းတို့ နှစ်ဦးစလုံးအား အင်းစိန်ထောင်တွင် ထားရှိကြောင်း သိရသည်။

ယင်းသို့ ပြည်တွင်းရှိ သတင်းသမားများ ဖမ်းဆီးထောင်ချခံရမှု အပေါ်တွင် အသက် (၃၀) အရွယ် အမျိုးသားသတင်းသမားတစ်ဦးက ယခုလို မှတ်ချက်ပြုသည်။

“အခုလိုမျိုး သတင်းသမားတွေကို စိတ်ကြိုက်ပုဒ်မတွေတပ်ပြီး ထောင်ချတာတွေဟာ ဖြစ်ကို မဖြစ်သင့်တာပါ။ ဒါပေမဲ့ အာဏာရှင်ဆိုတဲ့အတိုင်း သူတို့ရဲ့ ဖိနှပ်မှု ဗျူဟာတွေကိုတော့ ဆက်လုပ်နေဦးမှာပဲ။ မြန်မာသတင်းသမားတွေအတွက် နိုင်ငံတကာက လစ်လျူမရှုပါနဲ့လို့ တောင်းဆိုချင်ပါတယ်”ဟု ပြောသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအတွင်းရှိ သတင်းဌာန (၁၀) ခုထက်မနည်း လိုင်စင်ပိတ်သိမ်းခြင်း ခံခဲ့ရပြီး သတင်းထောက်ဒါဇင်နှင့်ချီ ဖမ်းဆီးခံထားရကာ ၎င်းတို့ လက်ချက်ဖြင့် သတင်းသမားလေးဦးလည်း သေဆုံးခဲ့သည်။ စစ်ကောင်စီက သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများ ရှိသော်လည်း ပြည်တွင်းရှိ သတင်းသမားအများစုသည် လုံခြုံရေးအရ စိုးရိမ်ရသည့် အခြေအနေတွင်ပင် သတင်းများကို ဆက်လက်တင်ဆက်နေကြသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #သတင်းထောက် #ထောင်ဒဏ် #သင်္ဃန်းကျွန်းပိုစ့်