သင်္ကြန်အတက်နှင့် နှစ်ဆန်း ၁ ရက်တွင် ရန်ကုန်က စစ်ကောင်စီနေရာငါးခု ဗုံးခွဲတိုက်ခိုက်ခံရ၊ စစ်သားနှင့် ရဲ ထိခိုက်သူများရှိဟုဆို

Author ကိုထက်
Categories
Published on Apr 18, 2024

သင်္ကြန်အတက်နေ့နှင့် နှစ်ဆန်း ၁ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ စစ်ကောင်စီပစ်မှတ်နေရာများကို ဗုံးခွဲတိုက်ခိုက်ခံရမှုများအတွင်း ဒဏ်ရာရ စစ်ကောင်စီတပ်သားနှင့် ရဲသားအချို့ရှိခဲ့ကြောင်း မြို့ခံများနှင့် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ပြောဆိုမှုများအရ သိရသည်။

 

သင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီလ ၁၆ ရက်တွင် ရန်ကုန်မြို့၊ မြို့နယ်နေရာ(၄)ခုအပြင် ယမန်နေ့ နှစ်ဆန်း ၁ ရက် ဧပြီလ ၁၇ ရက်နေ့တွင် နေရာ(၁)ခုတို့တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

 

ဧပြီ ၁၆ ရက်က လှိုင်သာယာမြို့နယ် မြို့မ ရဲစခန်း၊ အင်းစိန်ဖော့ကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ဗဟန်းမြို့နယ် စည်ပင်ရုံး၊ အင်းစိန် ကညနရုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိမှုများရှိကြောင်း ပေါက်ကွဲမှုဖြစ်ပွားရာနေရာများအနီးနေထိုင်သူများက ဆိုသည်။

 

“အတက်နေ့ကဖြစ်တာ။ အစက သင်္ကြန်မဏ္ဍပ်က ပေါက်တယ်ထင်တာ။ ရဲစခန်းဖြစ်နေတယ်။ ရဲတွေဒဏ်ရာရတာတွေရှိတယ်လို့ပြောကြတယ်ဗျ။ အစက ရဲစခန်းရှေ့လမ်းဖွင့်ပေးထားတာ။ အခုပြန်ပိတ်လိုက်တယ်” ဟု လှိုင်သာယာရဲစခန်းအနီး နေထိုင်သူတစ်ဦးက ပြောသည်။

 

အလားတူ အင်းစိန်မြို့နယ်၊ ဗဟိုလမ်းမပေါ်ရှိ ကုန်လမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန(ကညန)ရုံးတွင်လည်း ‌ဗုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ယင်းရုံးအနီးနေထိုင်သူများက ဆိုသည်။

 

“ရုံးကတော့ သင်္ကြန်တွင်းဆိုတော့ ပိတ်ထားတာ။ အရှေ့ကသူတို့(စစ်ကောင်စီတပ်သားများ)တွေ လုံခြုံရေးစောင့်တဲ့ဘန်ကာမှာပေါက်တာ။ အဲဒီအထဲက စစ်သားတချို့ဒဏ်ရာရသွားတယ်။ နောက်ပြီး တစ်နာရီကျော်ကျော်အကြာလောက် လမ်းပိတ်ပြီးစစ်တာတွေလည်း လုပ်ခဲ့တယ်” ဟု အင်းစိန်ကညနရုံးအနီး နေထိုင်သူတစ်ဦးက ပြောသည်။

 

ဧပြီလ ၁၇ ရက်ကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ်(၆)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးထဲသို့ လက်ပစ်ဗုံးပစ်သွင်း တိုက်ခိုက်ခဲ့ကြောင်း Together Urban Force အဖွဲ့က ထုတ်ပြန်သည်။

 

စစ်မှုထမ်းရန် လူစုပေးနေသည့်အတွက် ယခုကဲ့သို့ တိုက်ခိုက်ရခြင်းဖြစ်ပြီး သေဆုံး၊ ဒဏ်ရာရရှိမှုရှိမရှိကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

 

သင်္ကြန်ကာလအတွင်း ရန်ကုန်တွင် စစ်ကောင်စီက ဦးစီးကျင်းပသည့် မဏ္ဍပ်များတွင် ပေါက်ကွဲမှုများမဖြစ်ပေါ်ခဲ့သော်လည်း မန္တလေးမြို့ ဗဟိုမဏ္ဍပ် ဆိုင်ကယ်အပ်သည့်နေရာတွင် ဧပြီလ ၁၄ ရက် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲခဲ့သည့်အတွက် (၁၂)ဦး ဒဏ်ရာရရှိခဲ့သည်။