သင်္ကြန်ပြီးလျှင် စစ်သင်တန်းခေါ်နိုင်ရန် စစ်မှုထမ်းစာရင်းများ အတိအကျကောက်ရန် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဖိအားပေး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင် တိမ်းရှောင်သူများပြားလာ

Author ကိုထက်
Categories
Published on Mar 29, 2024

မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလပြီးသည်နှင့် ရန်ကုန်တိုင်းအတွင်း စစ်သင်တန်းခေါ်ယူနိုင်ရန် မြို့နယ်များတွင် စစ်မှုထမ်းစာရင်းများ အတိအကျဖြင့် လုပ်အားတိုးမြှင့်ကောက်ခံရန် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဖိအားပေးနေကြောင်း ရန်ကုန်တိုင်းအစိုးရရုံး သတင်းရင်းမြစ်က CJ Platform သို့ပြောသည်။

 

ယမန်နေ့ မတ်လ(၂၈)ရက်က ကျင်းပသည့် တိုင်းအစိုးရအစည်းအဝေးတွင် စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းအစိုးရရုံး သတင်းရင်းမြစ်က ပြောသည်။

 

“သင်္ကြန်ပြီးရင် ခေါ်ဖို့အတွက်ကို စာရင်းကိုအတိအကျကောက်ဖို့ပေါ့။ အရှိန်မြှင့်လုပ်ဆောင်ဖို့ကို မြို့နယ်ထွေအုပ်တွေကို ဖိအားပေးတာတွေရှိတာပေါ့။ မြို့နယ်တွေကတော့ ရပ်/ကျေးတွေပြန်ဖိအားပေးပေါ့။ အဲဒီလိုပေါ့” ဟု ၎င်းက ပြောသည်။

 

ယင်းသို့ ဖိအားပေးစေခိုင်းနေသော်လည်း ရန်ကုန်တိုင်းက မြို့နယ်အချို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာများတင်ပြီး ထွက်ပြေးတိမ်းရှောင်နေသူ တဖြည်းဖြည်းများပြားလာကြောင်း တိမ်းရှောင်သွားသည့်ရပ်ကွက်နေပြည်သူများထံမှ သိရသည်။

 

“ဟိုရက်ပိုင်းတွေက ရုံးရှေ့ကိုသတိပေးစာကပ်သွားပြီးတည်းက နုတ်ထွက်စာတင်ထားတယ်ပြောတယ်။ အခုရက်ပိုင်းတွေလည်း ရုံးကိုမလာဘူး။ ဧည့်စာရင်းတောင် ဓမ္မာရုံမှာ တိုင်နေရတယ်။ ထွက်စာကို လက်မခံလို့ ရှောင်နေတာဖြစ်မယ်” ဟု မြောက်ဥက္ကလာပမြို့နယ် (ဌ)ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။

 

မြောက်ဥက္ကလာပမြို့နယ်တွင် ဌ ၊ ကျောက်ရေတွင်း၊ ပုရွက်ဆိတ်ကုန်း၊ တံတားကြီးနှင့် ဝေဘာဂီ စသည့်ရပ်ကွက်ငါးခုက ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ပြီး တိမ်းရှောင်နေကြကြောင်း သိရသည်။

 

အလားတူ စမ်းချောင်းမြို့နယ်တွင်လည်း တော်လှန်ရေးအင်အားစုများက စစ်ကောင်စီဒေါက်တိုင်များ၏ အချက်အလက်များကို ထုတ်ပြန်အပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နုတ်ထွက်စာတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြသည်။ ထိုအထဲ မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက်နှင့် ဟုမ်းလမ်းရပ်ကွက်က အုပ်ချုပ်ရေးမှူးနှစ်ဦး နုတ်ထွက်စာတင်ပြီး တိမ်းရှောင်နေသည်ကို စမ်းချောင်းမြို့နယ်ပင်မသပိတ်အဖွဲ့က အတည်ပြုထားသည်။ အခြားရပ်ကွက်များက အုပ်ချုပ်ရေးမှူးအချို့လည်း နုတ်ထွက်စာတင်ထားကြသည်ဟု ဆိုသည်။

 

သို့သော် စစ်ကောင်စီဘက်က ၎င်းတို့၏ နုတ်ထွက်စာများကို လက်မခံဘဲ တာဝန်ပြန်လည်ထမ်းဆောင်ရမည်ဟု ဆိုကြောင်း ရပ်ကွက်နေပြည်သူအချို့ထံမှ သိရသည်။

 

ထို့ပြင် ရန်ကုန်မြို့နယ်အချို့တွင် CJ Platform က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးသော နုတ်ထွက်စာတင်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အုပ်ချုပ်ရေးမှူးများလည်း ရှိနေသည်။

 

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်း၍ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်နေသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို တော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့က သတိပေးမှုများ ဆက်လက်ပြုလုပ်နေကြသကဲ့သို့ ရှေ့ဆက်တိုးလုပ်သူများကို ပစ်ခတ်သတ်ဖြတ်မှုဖြင့် အရေးယူခြင်းများလည်း လုပ်ဆောင်နေကြသည်။

Related News

Depend on news