“သင်သွားလိုရာ သွားနိုင်ပါပြီ ရဲဘော်မောင်အုန်း”
ရဲဘော်မောင်အုန်း သင်သည် နွေဦးတော်လှန်ရေးအတွင်း ကျွန်ုပ်တို့နှင့်အတူတကွ တိုက်ပွဲဝင်တော်လှန်ခဲ့သည်။ယခုဒီမိုကရေစီ တိုက်ပွဲအတွင်း သူရဲကောင်းပီသစွာ ဖြင့် အသက်ကိုပေးလှူခဲ့ပြီဖြစ်သည်။ အသင့်အား ကျန်ုပ်တို့မှ အာဇာနည်သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပြီး သင်မြင်တွေ့လိုသော ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ထောင်နိုင်သည်အထိ အာဏာရှင်စစ်မိစ္ဆာများကို ဆက်လက်တော်လှန်သွားပါမည် ဟု ကတိပြုပါသည်။
သင်သည် တိုက်ပွဲအတွင်းမြင့်မြတ်စွာ ကျဆုံးပြီးဖြစ်သည့်အတွက် အေးချမ်းစွာ အနားယူပါတော့။သင်သည် ယနေ့မှစ၍ ကျွန်ုပ်တို့တပ်ခွဲနှင့် လုံးဝ လုံးဝ မသက်ဆိုင်တော့။ ရဲဘော်မောင်အုန်း သင်သွားလိုရာ သွားနိုင်ပြီ။ရဲဘော် ကောင်းရာသုဂတိလားပါစေ။
အမိန့်စာဖတ်နေသည့် ဒုခွဲမှူးကိုဘုဏ်း သူ၏မျက်ဝန်းများဆီမှ မျက်ရည်စက်တို့ ကျမသွားစေရန် ကြိုးစားထိန်းချုပ်ပါသော်လည်း တားဆီး၍မနိုင်။ ပါးပြင်ထက် စိုစွတ်လျှက် မြင်ကွင်းတို့က ဝေဝါးမှုန်ရီလျက် အဖြစ်အပျက်တို့က ယနေ့ပင် ဖြစ်နေသကဲ့သို့ တစ်ကွက်ချင်း တကွက်ချင်း အမြင်အာရုံတွင် ပြန်ပေါ်လာနေသည်။
၂၀၂၁ စစ်အာဏာရူးများ၏ အာဏာသိမ်းမှု စတင်ပြီးနောက် ပြည်မမှ လူငယ်အများအပြားမှာ တိုင်းရင်းသား လက်နက်ကိုင်များရှိရာ လွတ်မြောက်ဒေသအသီးသီးသို့ ရောက်ရှိခိုလှုံခဲ့ကြသည်။ ထို လူငယ်အများထဲမှာ ကိုအုန်းတစ်ယောက်လည်း အပါအဝင်ဖြစ်သည်။
သူ့အမည် မောင်အုန်း အသက်က၂၃ အရပ်ရှည်ရှည် အသားညိုညို ပိန်ပိန်သွယ်သွယ် လူကြမ်းမင်းသား အံ့မင်းညိုနဲ့ခပ်ဆင်ဆင်။ သပိတ်ကာလများတွင် တက်ကြွစွာပါဝင်ခဲ့သည့် ကိုအုန်းအား ပုဒ်မ(၅၀၅)ဖြင့် ဝရမ်းအထုတ်ခံရချိန် ရင်းနှီးရာအကိုတစ်ဦးမှ တဆင့် ကရင်နီဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ခုသို့ ရောက်ရှိခိုလှုံခဲ့ရသည်။ ထိုမှ အခြေခံစစ်သင်တန်း (၆)လတက်ပြီး တော်လှန်ရေးတပ်ဖွဲ့တစ်ခုတွင် ဖောက်ခွဲရေး ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဖော်ရွေသဘောကောင်းသည့် ကိုအုန်း ၊လုပ်ငန်းတာဝန်မှန်သမျ မခိုမကပ်ပဲ လုပ်တတ်သည့် ကိုအုန်းကို တပ်ခွဲတစ်ခုလုံးက ချစ်ခင်ကြသည်။ ကိုအုန်း၏မိဘများကလည်း သားအဖြစ်မှစွန့်လွှတ်ကြောင်း သတင်းစာတွင် ကြေငြာထည့်ခဲ့သည်။ ဤရဲဘော်များသည်ပင် ကိုအုန်း၏ ဒုတိယမိသားစု၊ ခင်တွယ်ရာသံယောဇဉ် ဖြစ်ခဲ့ရပေသည်။
မောင်အုန်း မောင်းပြန်သေနတ်တစ်လက်လောက် လိုချင်သည် ။ တပ်ခွဲက ဝယ်ပေးထားတာ လက်လုပ်တစ်ထောင့်ထိုးM16 တော့ရှိသည်။ ရှေ့တန်းသွားလျင် EAOများဆီက မောင်းပြန် ငှားလို့တော့ရသည်။သို့သော် အမြဲကိုင်နေကျမဟုတ်တော့ တစ်သားထဲမဖြစ်။
ဆရာဘုဏ်းကတော့ ပြောသည်။ဒီအခါ အလှူရှင်ကို ပူဆာလို့ရရင် မောင်းပြန်တစ်လက်ဝယ်ပေးမည် တဲ့။ ဒီအခါရှေ့တန်း ခွေးတွေသတ်နိုင်ရင်တော့ သေနတ်ရအောင် ကောက်မည်ဟု စိတ်ဆုံးဖြတ်ထားသည်။
သူငယ်ချင်းတွေကတော့ ပြောကြသည်။တိုက်ပွဲကြားထဲ သေနတ်ကောက်ရအောင် မင်းက စူပါမန်းလားတဲ့၊ သေမှာမကြောက်ဘူးလားတဲ့။ မောင်အုန်းစိတ်ထဲက ပြန်ပြောဖြစ်သည်။ သေခြင်းတရားကို လိုချင်တယ်ပြောရင် နားလည်ရခက်လိမ့်မည်။ သေခြင်းတရားနဲ့ တွေ့မှသာ အရာအားလုံးက လွတ်မြောက်နိုင်မှာမဟုတ်လား။လူတွေရဲ့အတ္တတွေကြောင့် အာဏာရှင်မိစ္ဆာတွေ အနိုင်ရနေကြတာ။ ကြမ်းတမ်းရက်စက်မှုနဲ့ သေခြင်းက မောင်အုန်းတို့လိုလူတွေအတွက် မဆန်း။ မလွဲမသွေ ကြုံရမှာပဲမဟုတ်ပါလား။
တစ်နေ့ စကစတပ်များ ဘော်လခဲ ဘက်မှ ဖရူဆိုဘက်သို့ ရိက္ခာပို့ ပြန်လာကြောင်း သတင်းအရ မိုင်းဆွဲရန် မောင်အုန်းတို့တပ်စိပ် စခန်းမှချီတက်ရန် အမိန့်တောင်းပြီး ထွက်လာခဲ့သည်။ထိုနေ့ကား ၂၀၂၂ခုနှစ် ဇန်နဝါရီလ ၃ရက်နေ့ နံနက်၁၁နာရီခန့် ။နေ့လယ် ၁နာရီတွင် သတ်မှတ်နေရာသို့ မောင်အုန်းတို့ တပ်စုရောက်ရှိသည်။
မိုင်းဆွဲ တိုက်ပွဲဝင်မည့် နေရာကား ထားလဲ ၊နန်းဖဲ လမ်းပိုင်းတစ်နေရာ။ မောင်အုန်းနှင့်အဖွဲ့ စိတ်ရှည်စွာ ကားလမ်းဘေးမှ စောင့်ဆိုင်းလျက် ။ပုရွက်နှင့် ပိုးကောင်များက သူတို့အား အစာကျွေးနေသယောင်ယောင်။
“ခုချိန် လှကျော်လေး တစ်ဖွာလောက်များ ဖွာလိုက်ရ ရင်ကွာ”
ရဲဘော်မောင်အုန်း မတည်ငြိမ်သောစိတ်ကို ပြန်စုစည်းရင်း ဆေးလိပ်တစ်ဖွာလောက် ဖွာခွင့်ရ ရန် တောင့်တမိသည်။
ထိုစဉ် ရှေ့ပွိုင့်မှစိပ်မှူးမာနွေးလယ် စက် ဖြင့်သတင်းပို့လာသည်။
“ဒိုးလုံးမှ ဂျိုကာ ၊ဒိုးလုံးမှ ဂျိုကာ၊ခွေးအတွေ ငရဲလမ်းဝင်ပြီ။ မုန့်ဟင်းခါးချက်ဖို့ အသင့်ပြင် ။အသံကောင်းရင် အကြောင်းပြန်ပါ”
“ဂျိုကာမှ ဒိုးလုံး ဂျိုကာ အသံကောင်းတယ်၊ မုန့်ဟင်းခါးချက်ဖို့ အသင့်ရှိတယ်။ ရေပွက်တာနဲ့ ငှက်ပျောပင်လှီးမယ်။ဒါပဲ”
ရဲဘော်မောင်အုန်း စိပ်မှူးထံသတင်းပို့ပြီးတာနဲ့ မိုင်းဆွဲရန် လမ်းနှင့်အနီးဆုံး ရှေ့ကုန်းပေါ်သို့ မိကျောင်းသွား တွားတက်လိုက်သည်။
“ဟော မြင်ရပြီ။ တစ်စီး- – နှစ်စီး – သုံးစီး- – ငါးစီး၊ နောက်ဆုံးကား ရှေ့ဆုံးမိုင်းကို ကျော်သည်နှင့် မောင်းအုန်း ရီမု ကို စနှိပ်လိုက်တော့သည်။ အုန်း -အုန်း ဟူသောအသံနှင့်အတူ ရန်သူများ အော်သံ ဟစ်သံ ဆဲသံ ဆိုသံနှင့်အတူ လက်နက်ငယ်သံများ အဆက်မပြတ်ထွက်လာသည်။
မီးလောင်နေသောကားဆီမှ ရန်သူများ တုံးလုံးပက်လက် အော်ဟစ်ငြီးတွားနေသောမြင်ကွင်း များကို အရသာခံကြည့်ချိန်မရ။ ပြန်ဆုတ်ရန်ရွေးထားသည့်လမ်းကြောင်းအတိုင်း စိပ်မှူးနဲ့အဖွဲ့ရှိရာ ဆုံရပ်သို့ ရောက်သည်အထိ တဖြည်းဖြည်းချင်း ဆုတ်လာခဲ့သည်။
ဆုံရပ်ဆီသို့ရောက်သည်နှင့်”စိပ်မှူး၊ ကျနော်ရောက်ပါပြီ” မောင်အုန်းသတင်းပို့သည်။မောင်အုန်း တို့အဖွဲ့ ကာပစ်ပစ်ရင်း ဆုတ်လာခဲ့ကြသည်။
ထိုအချိန် ရန်သူဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည်တစ်လုံး မောင်အုန်းတို့အဖွဲ့ နားသို့ ကျလာသည်။ ဝုန်း ခနဲအသံနှင့်အတူ မောင်အုန်း ဘယ်ဘက်ပေါင် ပူခနဲခံစားလိုက်ရပြီး မြေစိုင်ခဲအချို့ လေထဲသို့ မြောက်တက်သွားသည်။ မီးခိုးငွေ့များနှင့် မှောင်မဲနေသည်။
“မောင်အုန်း ထိသွားပြီး”အော်သံနှင့်အတူ စိပ်မှူး မောင်းအုန်းနားရောက်လာပြီး ကျည်ကွယ်ရာ ဆွဲခေါ်လာခဲ့သည်။
ရန်သူ့ဘက်မှ လက်နက်ငယ်သံ ၊စက်ကလေးသံများကလည်း ပစ်အားတိုးလာသည်။ ရန်သူသည် မောင်အုန်းတို့ ဆုတ်လမ်းကို ပိတ်ဆို့ရှင်းလင်းနေပြီ။ မောင်အုန်းတို့အဖွဲ့မှာ M16တစ်ထောင့်ထိုး ၄လက်နှင့် လက်လုပ်ကိုးလုံးသေနတ် ၅လက်သာပါလာခဲ့သည်။ ဒီအတိုင်းဆက်ပြီးခံပစ်နေရင် မကြာခင် ကျည်ကုန်တော့မည်။ တပ်စိပ်တစ်စိပ်လုံး ကျဆုံးသွားနိုင်သည်။မဖြစ်တော့။
“စိပ်မှူး စုဗုံး ၃လုံးနဲ့ လက်ကျန်၁၆ကျည် ကျနော့်ကိုပေးပါ။ကျနော် ခံပစ်ထားမယ်”။
“မောင်အုန်း၊ငါ့ဘယ်ရဲဘော်မှမထားခဲ့ဘူး ၊မင်းကိုစခန်းရောက်အောင်ပြန်ခေါ်မယ်၊အားတင်းထား”
“ကျနော်က ဒဏ်ရာရပြီးသား ကျနော်ကဒဏ်ရာရပြီးသား ထားခဲ့ပါ။ စိပ်မှူးရဲဘော်တွေကို ဘေးကင်းအောင်ပြန်ခေါ်သွားပါ။ သတ္တိရှိတယ်ဆိုတာ ရန်သူတွေကိုသုတ်သင်နိုင်ပြီး ဒေသတစ်ခုကသူတွေကို ကာကွယ်ပေးနိုင်တာမျိုးကို ခေါ်တာမဟုတ်။ စစ်ပွဲအတွင်း အပြစ်မဲ့သူတွေကို ကာကွယ်ပေးနိုင်တဲ့သူ၊ကိုယ့်ရဲဘော်ရဲဘက်တွေကို ကာကွယ်ပေးနိုင်သူကိုမှ သတ္တိရှိတယ်လို့ခေါ်တာဗျ။ စိတ်မှူးကျနော့်ကို ခွင့်ပြုပါ။”
စိပ်မှူး မာနွေးလယ် ဘာမှမပြောနိုင် ပါးပေါ်စီးကျလာသော မျက်ရည်များကို ခပ်ကြမ်းကြမ်းပွတ်ပစ်လိုက်သည်။ အံကြိတ်ရင်း လက်ကျန်ကျည်စစ်လိုက်သည် ။အားလုံးပေါင်းမှ၁၇ တောင့်သာ ကျန်တော့သည်။ ကျည်လက်ကျန်နှင့် လက်ပစ်ဗုံး ၃လုံးကို မောင်အုန်းထံ လက်ကမ်းရင်း
” ရဲဘော်ဆက်လုပ် “ပြောပြီး အတန်ကြာ ခပ်တင်းတင်းပွေ့ဖက်အားပေးလိုက်သည်။
” အားလုံးဆုတ်မယ်”အမိန့်ပေးရင်း နောက်သို့ဆုတ်လာခဲ့သည်။ ရဲဘော်မောင်အုန်းကတော့ သူ့စိပ်မှူးနှင့် ရဲဘော်များ ဆုတ်ချိန်ရရန် တာဝန်ကျေစွာ တစ်ချက်ချင်း ခံပစ်ပေးနေသည်။ စိပ်မှူးနှင့်ရဲဘော်များ တောင်ထိပ်ပေါ်မှ မောင်အုန်းရှိရာသို့ပြန်ကြည့်ကြသည်။ မောင်အုန်း ရှိရာသို့ ရန်သူများ ဝိုင်းကပ်လာကြပြီ။ မောင်အုန်းရန်သူ့လက်တွင်း ကျတော့မည်လား ရဲဘော်များ တောက်ခေါက်သူခေါက် မြေကြီးလက်သီးနှင့် ထိုးသူထိုးနှင့် ကြိတ်မနိုင်ခဲမရ မချိတင်ကဲ ခံစားနေရသည်။
သို့သော် မောင်အုန်း မထင်မှတ်တာ လုပ်လိုက်သည်။စုဗုံးကိုခွဲ၍ ရန်သူမိစ္ဆာများကို သူနှင့်အတူ ရသလောက်ခေါ်သွားပါပြီကော။
“ကိုဘုဏ်း ၊အမိန့်စာထည့်တော့လေ”။နောက်ကအသံကြားမှ ကိုဘုဏ်းတစ်ယောက် ပစ္စုပ္ပန်အခြေအနေကို သတိပြန်ထားမိသည်။
လူမပါသော ၊ဓါတ်ပုံဖြင့်ကျင်းပရသည့် အသုဘ အခမ်းအနားများ မည်မျှ များနေပြီလဲ။ ကမ္ဘာကြီးကို ပျက်စီးစေသည့် စစ်ပွဲများကို လူငယ်များက ဖန်တီးခဲ့သည်မဟုတ်။ အသက်အရွယ်အတန်အသင့်ရပြီး လူ့အကြောင်း သူ့အကြောင်းကိုသိသည့် အာဏာရူး ၊ဥစ္စာရူးကြသည့် လူတစ်ချို့ကြောင့်သာ စစ်ပွဲများဖြစ်ရပြီး လူငယ်များဘဝ အနာဂါတ်များ ပျက်စီးဆုံးရှုံးနေရသည်သာ ဖြစ်ပေသည်။ ကျနော်တို့ နိုင်ငံမှာရော အေးချမ်းမှုငြိမ်းချမ်းမှုရဖို့ လူငယ်တွေ အသက်များ ဘဝများ မည်မျှလောက်ထိ ထပ်ပြီး ပေးဆပ်နေရအုံးမှာပါလဲ။