ဝှေခါဗျူဟာကုန်း အား KIA ပူးပေါင်းတပ်များ အပြီးသတ်သိမ်းပိုက်ခဲ့ပြီဟု ဗိုလ်မှူးကြီးနော်ဘူ အတည်ပြု

Author လင်းနွေဦး
Categories
Published on Jan 21, 2024

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဝှေခါကျေးရွာ ရှိ စစ်ကောင်စီ လက်အောက်ခံ ဝှေခါ ဗျူဟာကုန်းကို ယမန်နေ့ ဒီဇင်ဘာ ၂၀ ရက် မနက်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့် KPDF ပူးပေါင်းတပ်များမှ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောခွင့် ဗိုလ်မှူးကြီးနော်မှ CJ Platform သို့ အတည်ပြုပြောသည်။

 

ဝှေခါကျေးရွာတွင် စစ်ကောင်စီ တပ်များ အခြေချတပ်စွဲသည့် ဝှေခါရဲစခန်းနှင့် ဝှေခါဗျူဟာကုန်း ဟူ၍ တပ်စခန်းနှစ်ခုရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ ၆ ရက်နေ့၌  KIA ပူးပေါင်းတပ်များမှ ဝှေခါ ရဲစခန်းအား သိမ်းပိုက်ပြီးနောက် ဗျူဟာကုန်းအား သိမ်းပိုက်ရန် ဆက်လက်ကြိုးပမ်းနေသည်မှာ ၁၅ ရက်တာ  ကြာမြင့်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူ ၏ ပြောပြချက်အရ သိရသည်။

 

အဆိုပါ ဝှေခါရဲစခန်းတိုက်ပွဲအပြီး စခန်းမှူးဖြစ်သူအား အရှင်ဖမ်းမိခဲ့ပြီးနောက် စစ်ကောင်စီလက်အောက်ခံ ဖားကန့်အခြေစိုက် ဗျူဟာကုန်းမှ လက်နက်ကြီး ပစ်ကူများစွာ ပေးအပ်ခဲ့သည့်အပြင် လေကြောင်းပစ်ကူ အကြိမ်ရေများစွာ အသုံးပြုခဲ့သည့်အတွက် ယခုကဲ့ ဗျူဟာကုန်းအား ဆက်လက်သိမ်းပိုက်နိုင်ရန် ကြန့်ကြာခဲ့ခြင်းဖြစ်ကြောင်း CJ Platform မှ စုံစမ်းသိရသည်။

 

ဝှေခါ ဗျူဟာကုန်း သိမ်းပိုက်ရရှိသည့်  ဖြစ်စဉ်အခြေအနေအား KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူ မှ “မနေ့ကမနက်ပိုင်းမှာ ဖားကန့်က ဝှေခါ ဗျူဟာကုန်းကို သိမ်းခဲ့တဲ့ ဖြစ်စဉ်ရှိတာ မှန်ပါတယ်၊ နှစ်ဖက် ထိခိုက် သေဆုံးတာတွေ၊ လက်နက်ခဲယမ်းသိမ်းဆည်းရမိတာတွေ သုံ့ပန်း ဖမ်းဆီးရမိတာတွေတော့ အသေးစိတ်ကို မြေပြင်သတင်းက မပို့လာသေးတော့ မသိရသေးပါဘူး”ဟု CJ Platform သို့ ပြောသည်။

 

ယခု KIA ပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်လိုက်သည့် ဝှေခါ ဗျူဟာကုန်း သည် KIA ပူးပေါင်းတပ်များအဖို့ ၂၀၂၄ ခုနှစ် အတွင်း ဖားကန့်ဒေသ၌ ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သော တပ်စခန်းကြီး တစ်ခုဖြစ်ကာ KIA နှင့် KPDF ပူးပေါင်းတပ်များမှ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်၍ ကချင်-ရှမ်းပြည် နယ်စပ်ဒေသ ဖြစ်သည့် မိုးမိတ်မြို့အနီးတဝိုက်တွင် တိုက်ပွဲများဖော်ဆောင်နေသကဲ့သို့ မံစီမြို့နယ် မံဝိန်းကြီး တစ်လျောက် စစ်စခန်း အချို့အား သိမ်းပိုက်နေပြီး ဖြစ်ကြောင်းလည်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ၏ ပြောပြချက်အရ သိရသည်။