ဝန်ကြီးဌာနများတွင် ပြင်ပပုဂ္ဂိုလ်များ၊ တပ်မိသားစုများကို တိုက်ရိုက်အလုပ်ခန့်အပ်ရန် စစ်ကောင်စီပြင်ဆင်နေ

Author အောင်နိူင်သူ
Categories
Published on Oct 14, 2022

အာဏာသိမ်းစစ်ကောင်စီက ဝန်ကြီးဌာနများတွင် ပြည်ပပုဂ္ဂိုလ်များနှင့် တပ်မိသားစုများကို တိုက်ရိုက် အလုပ်ခန့်နိုင်အောင် စီစဥ်နေသည်ဟု ဝန်ထမ်းအချို့ဆီက သိရသည်။

ယင်းသို့ တိုက်ရိုက်အလုပ်ခန့်နိုင်ရန် စစ်ကောင်စီ၏ အမိန့်အရ ပြည်ထောင်စုရာထူးဝန်အဖွဲ့က စည်းမျဉ်းစည်းကမ်းအချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထုတ်ပြန်ပေးခဲ့သည်ဟု အမည်မဖော်လိုသူ ဝန်ထမ်းတစ်ဦးက CJ Platform ကို ပြောသည်။

“အခုထုတ်ပြန်လိုက်တဲ့ စည်းမျဥ်းက ပါတီနိူင်ငံရေးအပြင် အခြားအချက်အလက်တွေလဲပါတယ် အဓိကပြသာနာက NLD CRPH NUG နဲ့ဆက်နွယ်နေတယ် ရှိနေတဲ့ ဝန်ထမ်းတွေတောင် ဖြုတ်တာ ထုတ်တာတွေလုပ်နေတာ စစ်တပ်ကသူတွေနဲ့ တပ်မိသားစုတွေကို အဓိက အစားထိုးဖို့လုပ်နေတယ်၊ ပြင်ပကတော့ ကဏ္ဍအလိုက် ကျွမ်းကျင်သူတွေနဲ့ အစားထိုးမယ်တူတယ်” ဟု ပြောသည်။

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဝန်ကြီးဌာနအတွင်း CDM ပြုလုပ်သွား၍ လစ်လပ်နေသည့် နေရာများတွင် ပြင်ပပုဂ္ဂိုလ်များကို တိုက်ရိုက်အလုပ်ခန့်နိူင်ရန် ရည်ရွယ်ပြီးလုပ်ဆောင်တာဖြစ်သည်ဟု CDM ဦးစီးအရာရှိတစ်ဦးက CJ Platform ကို ပြောသည်။

“တချို့ရာထူးတွေ ပြင်ပက ကျွမ်းကျင်သူတွေကို တိုက်ရိုက်ခန့်နိုင်အောင် ကြေညာပေးထားတာ၊ အဓိကတော့ ပါတီနိုင်ငံရေးကင်းရှင်းရမယ် နိုင်ငံရေးပါတီတွေမှာ ပါဝင်နေရင်လည်း နုတ်ထွက်ရမယ်ပေါ့ မိုးကျရွှေကိုယ်တွေ ဝင်လာမယ်၊ အပြင်က ဆွဲခန့်တွေ ခန့်ပြီး CDM လစ်လပ်နေရာတွေကို ဖြည့်မယ် အဲ့ဒီရည်ရွယ်ချက်နဲ့ လုပ်နေတာ” ဟုရှင်းပြသည်။

ဝန်ကြီးဌာနတွေမှာ ပြင်ပပုဂ္ဂိုလ်တွေကို တိုက်ရိုက်ခန့်အပ်ရန် လုပ်ဆောင်နေခြင်းသည် မူလရှိရင်းစွဲ ဝန်ထမ်းတွေနှင့် အုပ်ချုပ်ရေးအာဏာကို လည်ပတ်ရန် မလုံလောက်သည့်အတွက် စစ်ကောင်စီက ဝန်ထမ်းအင်အားဖြည့်တင်းဖို့လုပ်
ဆောင်နေတာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူတစ်ဦးက CJ Platform ကိုရှင်းပြသည်။

“CDM လုပ်သွားတဲ့ ဝန်ထမ်းအများအပြားရှိတယ် ပညာရေး၊ ကျန်းမာရေးလို ကဏ္ဍတွေမှာဆို ဘယ်လိုမှ အရင်လိုလုပ်ဆောင်လို့ မရလောက်တော့အောင်ကို CDM ဝန်ထမ်းတွေများတယ်။ အဲ့ဒီအခြေအနေတွေကို ပြင်ပဆွဲခန့်တွေနဲ့ ကုစားဖို့ စစ်တပ်က ပြင်နေတာလို့ ယူဆရတယ်” ဟုပြောသည်။
စစ်ကောင်စီလက်ထက်တွင် အစိုးရဝန်ထမ်း အလုပ်အကိုင်အများအပြားကို ဆက်တိုက်ခေါ်ယူနေပြီး လျှောက်ထားသူ နည်းပါးသည့်အတွက် အုပ်ချုပ်ရေးယန္တရားလည်ပတ်နိူင်ရန် အခက်အခဲရှိသည်ဟု ဝန်ထမ်းရွေးချယ်ရေးအဖွဲ့က အမည်မဖော်လိုသူတစ်ဦးက CJ Platform ကိုပြောသည်။

“ ဝန်ကြီးဌာနတွေအားလုံး အလုပ်တွေ ဆက်တိုက်ခေါ်နေတာ၊ လျှောက်တဲ့သူက မရှိတော့ လူက ဆက်တိုက် လိုနေတာ အရင်တုန်းက စာမေးပွဲတွေ သင်တန်းတွေနဲ့ တဆင့်ပြီးတဆင့် ရာထူးတက်မှ ရမယ့် အခြေအနေကနေ အခုကကြုံသလို ဆွဲခန့်နေတာ”ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီရာထူးဝန်အဖွဲ့က ဝန်ကြီးဌာနများအနေဖြင့် ပြင်ပပုဂ္ဂိုလ်များကို လိုအပ်ပါက ရင် တိုက်ရိုက်ခန့်အပ်ဖို့ ခန့်ထားသူဟာ မြန်မာနိုင်ငံသား ဖြစ်ရန်လိုအပ်ပြီး ရာထူးအဆင့်အတွက် သတ်မှတ်ထားသည့် ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်းများနှင့် ကိုက်ညီရမည်အပြင် နိုင်ငံရေးပါတီဝင်ဖြစ်ပါက ပါတီဝင်အဖြစ်မှ နုတ်ထွက်ကြောင်း ထုတ်ပြန်ရမည်ဟု ထုတ်ပြန်ခဲ့တာဖြစ်ပါသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိူင်ငံတွင် CDM ပြုလုပ်သည့် ဝန်ထမ်းပေါင်း သိန်းနှင့်ချီရှိနေပြီး ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှ CDM ပြုလုပ်သူဝန်ထမ်း အများဆုံးဖြစ်သည်။