“ဝ”ဒေသ ဝိန်းကောင်ရှိ တရုတ်လူလိမ်လုပ်ငန်းတစ်ခု၌ ကိုယ်ဝန်ဆောင်အပါအဝင် လူငါးဦးရောင်းစားခံရ တရုတ်သူဌေးမှ ကိုယ်ဝန်ဖျက်ချရန် ခိုင်းစေမှုများရှိနေ

Author ခေတ်နီ
Categories
Published on Jan 26, 2023

 

“ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဝိန်းကောင်မြို့ရှိ တရုတ် လူလိမ်လုပ်ငန်းတစ်ခုတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး အပါအဝင် လူ ၅ ဦး ရောင်းစားခံရပြီး လူလိမ်လုပ်ငန်းရှိ တရုတ်သူဌေးမှ ကိုယ်ဝန်ဆောင် အမျိုးသမီးအား ကိုယ်ဝန်ဖျက်ချခိုင်းမှုများနေကြောင်း အဆိုပါလုပ်ငန်းတွင် လိမ်လည် ရောင်းစားခံရသည့် လူငယ်များထံမှ သိရသည်။

အဆိုပါ လူငယ်များသည် ဧရာဝတီတိုင်း ဖျာပုံနှင့် ရန်ကုန်မြို့များမှ ဖြစ်ပြီး ၎င်းတို့၏ အသိမိတ်ဆွေတစ်ဦး၏ ဦးလေးဖြစ်သူမှ တဆင့် ဝိန်းကောင် ဒေသခံ အမျိုးသမီးပွဲစား၏ ချိတ်ဆက်ပေးမှုဖြင့်” ဝ” ဒေသ ဝိန်းကောင်မြို့သို့ အလုပ်လုပ်ကိုင်ရန် ရောက်ရှိလာခဲ့တာဖြစ်သည်။
ထိုသို့ ချိတ်ဆက်ပေးသည့် ပွဲစားအမျိုးသမီးမှ ကျာဖြန့် လုပ်ငန်းဟုခေါ်သည့် တရုတ် လူလိမ်လုပ်ငန်းတွင် လိမ်လည် ရောင်းစားသွားခဲ့တာပဲ ဖြစ်သည်။

ထိုသို့ ရောင်းစားခံရသည့် လူငယ်များသည် ကျာဖြန့်လုပ်ငန်းတွင် ဝင်ရောက် လုပ်ကိုင်ရာမှာလည်း တစ်လသာ လုပ်ခလစာရရှိခဲ့ပြီး နောက်ပိုင်းတွင် လစာမရရှိတော့ဘဲ ၎င်းတို့ လွတ်မြောက်ရန်အတွက်လည်း တရုတ်ယွမ်ငွေ ၃၅၀၀၀ ပေးမှသာလျင် ထွက်ခွာခွင့်ပြုမည်ဟု အဆိုပါ လူလိမ်လုပ်ငန်း၏ သူဌေးဖြစ်သူနှင့် မန်နေဂျာဖြစ်သူမှ ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့အပြင့် ရောင်းစားခံလိုက်ရသည့် လူငယ် ၅ ဦးအနက် ကိုယ်ဝန်ဆောင်သည် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေပြီး ထိုကိုယ်ဝန်ဆောင်သည် အမျိုးသမီးအား တရုတ်သူဌေးမှ လွတ်မြောက်ရန် ငွေမပေးနိုင်ပါက အလုပ်ဆက်လုပ်ရမည်ဖြစ်ပြီး အလုပ်ဆက်လုပ်ပါက ကိုယ်ဝန်အား ဖျက်ချရမည်ဖြစ်ကြောင်း ပြောဆိုမှုများ ရှိခဲ့ကြောင်း CJ Platformမှ စုံစမ်းသိရှိရသည်။

” ကိုယ်ဝန်နဲ့ အလုပ်လုပ်လို့မရဘူးတဲ့ ဖျက်ချပြီး ဆက်လုပ်ရင်လုပ် မလုပ်ရင် ယွမ် ၃၀၀၀၀ ကျော်ပေးပြီး ပြန်လို့ပြောတယ် ရထားတဲ့ လစာတွေလဲ အကုန်ပြန်ပေးရမယ်တဲ့၊ ကျမ ကလေးကို မဖျက်ချရက်ဘူး ဘာမှလဲ မလိုချင်တော့ပါဘူး အိမ်ဘဲပြန်ချင်တယ်”ဟု အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးက ပြောသည်။

အဆိုပါ လူလိမ်လုပ်ငန်းရှိ ရောင်းစားခံလူငယ်များသည် တစ်ရက်လျှင် လူ ၅ ဦးခန့် လိမ်လည်ပေးရပြီး တစ်လလျှင် ဒေါ်လာ ၃၀၀၀ ခန့် ရှာဖွေပေးနေရကာ မရရှိပါက အပြစ်ပေးသည့် အနေဖြင့် ပေ ၅၀ ခန့်ရှိသည့် ကော်နှင့် လုပ်ထားသည့် ဆူးခက်များပေါ်တွင် လူတစ်ဦးအား ကုန်းပိုးကာ လမ်းလျှောက်ခိုင်းခြင်းနှင့် ထိုင်ထ လုပ်ခိုင်းခြင်းများကို တရုတ်သူဌေး မှလုပ်ဆောင်ခိုင်းကြောင်းလဲ သိရသည်။

“ရိုက်တာတွေ တိုက်ပိတ်တာတွေတော့မရှိဘူး ကျွန်တော်တို့ လူရှာလို့မရင် ပေ၅၀လောက်ရှိတဲ့ ကော်နဲ့ လုပ်ထားတဲ့ ဆူးခက်တွေပေါ်မှာ လူနောက်ထက်တစ်ယောက်ကို ကျော ပိုးပြီး ၅ခေါက် အနည်းဆုံးလမ်းလျောက်ခိုင်းတယ်၊ အဲ့ဒီ ဆူးခက်တွေပေါ်မှာ လူကို ကျောပိုးပီး ထိုင်ထ ၃၀၀တို့ ၄၀၀တို့ လုပ်ရတယ်၊ ပြီးတော့ လျော်ကြေးအကြောင်း မေးတော့လည်း ကျွန်တော်တို့ကို ဒေါသတွေ ထွက်ပီး ဆဲတယ် ပြီးတော့ ပြစ်ဒဏ်လုပ်ခိုင်းပြီး တုတ်နဲ့ ရိုက်မယ် ကျင်စက်နဲ့ တို့မယ်လို့ ခြိမ်းခြောက်တယ်”ဟု ရောင်းစားခံရသည့် လူငယ်တစ်ဦးက CJ Platform သို့ ပြောသည်။

အဆိုပါ လူငယ်များသည် ၎င်းတို့ လွတ်မြောက် ရေးအတွက် “ဝ “ဒေသ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ရာ အာဏာပိုင်များကို တိုင်တန်းခဲ့သော်လည်း ၁၅ ရက်ခန့် ကြာမြင့်သည်အထိ မည်သည့် ဖြေရှင်းမှုမျိုး နှင့် လာရောက် ကယ်ဆယ်မှုမျိုးကိုမှ အာဏာပိုင်များဘက်မှ လုပ်ဆောင်ပေးခြင်း မရှိသေးကြောင်းလည်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင် ရှားပါးမှုကြောင့် ပန်ဆန်းဒေသအတွင်း အလုပ်လုပ်ကိုင်လိုသည့် လူငယ်များကို ပွဲစားများမှ လိမ်လည်ခေါ်ဆောင်ကာ တရုတ်လူမျိုးများ ဦးဆောင်လုပ်ကိုင်သည့် လူလိမ်လုပ်ငန်းနှင့် ပြည့်တန်ဆာလုပ်ငန်းများတွင် ရောင်းချခဲ့မှုများလည်း ပြီးခဲ့သည့် လပိုင်းအတွင်း အများအပြား ဖြစ်ပွားခဲ့သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဝဒေသ #ကျာဖြန့် #လူကုန်ကူးမှု