ဝ’ဒေသတွင် ကုမ္ပဏီတစ်ခုမှ တိုက်ပိတ်နှိပ်စက်ထားသည့် လူငယ်တချို့ ပြန်လည် လွတ်မြောက်လာသော်လည်း နောက်ထပ် နှိပ်စက်ခံနေရဆဲသူများ ကျန်ရှိနေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆန်းမြို့နယ်၊ ဝင်းကောင်မြို့ရှိ ဟွာထိုင်လုံကုမ္ပဏီ၏ အခန်းတစ်ခုအတွင်း ပိတ်လှောင် နှိပ်စက်ခံနေရသည့် လူငယ် ၁၆ယောက်ကို မြို့နယ်ရဲတပ်ဖွဲ့မှ ကယ်ထုတ်လာခဲ့တာကြောင့် လွတ်မြောက်ခဲ့ပေမယ့် နောက်ထက် နှိပ်စက်ခံနေရသူတချို့ ကျန်ရှိနေသေးကြောင်း ၎င်းတို့နှင့်နီးစပ်သူတချို့ထံမှ သိရသည်။
ဟွာထိုင်လုံကုမ္ပဏီတွင် လုပ်ကိုင်နေသည့် လူငယ် ၁၆ ဦးသည် ကုမ္ပဏီမှလုပ်ခလစာ တောင်းရာမှ
နှစ်ဖက်အချင်းများမှုဖြစ်ပြီး ကုမ္ပဏီလုံခြုံရေးများမှ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ နေ့က စတင်ကာ အခန်းတွင်း လက်ထိပ်ခတ်ကာ တိုက်ပိတ် နှိပ်စက်နေခဲ့တာပဲ ဖြစ်သည်။
အဆိုပါ လူငယ်များသည် အလုပ်အကိုင်ရှာဖွေရေး အေးဂျင့်မှတဆင့် ပန်ဆန်းတွင် အလုပ်လာလုပ်သည့် လူငယ်များဖြစ်ပြီး ဝင်းကောင်မြို့ရှိ ဟွာထိုင်လုံကုမ္ပဏီ အဆောက်အဦး၏ ၇ လွှာရှိ အခန်း ၄၁၄ အတွင်း နှိပ်စက် ပိတ်လှောင်ခံထားရကာ ဖုန်းများလည်း သိမ်းဆည်းခံထားရတာကြောင့် သိုဝှက်ထားသည့်ဖုန်းဖြင့် အသိမိတ်ဆွေများထံ အကူအညီတောင်းခံရာမှ တဆင့်မြို့နယ် ရဲတပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့တာပဲဖြစ်သည်။
ထိုသို့ လူငယ်၁၆ဦး ပြန်လည်လွတ်လာခဲ့သော်လည်း အဆိုပါ တိုက်၏ ၅ လွှာတွင်လည်း နှိပ်စက်ခံနေရသူများ ရှိနေသေးကြောင်း သိရသည်။
“နောက်ထပ်ကျန်သေးတယ် မနေ့ကပြေးရင်း ပြန်ဖမ်းမိကြတာ ရဲလာခေါ်တာ ဘယ်အထပ် ဘယ်တိုက်လဲ မမြင်ကြရဘူး သူတို့က တရုတ်နာရီ၁၁ ခွဲ ထမင်းစားချိန်ပြေးတာ ၇လွှာကနေဆင်းတာ
ကို့အထပ်နဲ့ပဲ ကိုနေရတော့ ဘယ်သူတွေ ဘာဖြစ်ဖြစ် မသိရဘူးရှင့်၊ ညဘက်ဆို လုံခြုံရေးများလို့ နေ့ဘက်ရွေးပြေးရတာ အရိုက်ခံရတာတွေရှိတယ် မျက်နှာတွေကောရိုက်တာ သူတို့က မျက်နှာကိုကာထားလို့ မထိတာပါ”ဟု နှိပ်စက်ခံနေရသည့် သူများနှင့် အဆက်အသွယ် ရရှိသူမှ CJ Platform ကိုပြောသည်။
အဆိုပါ ဟွာထိုင်လုံကုမ္ပဏီသည် ကျာဖျန်ဟုခေါ်သော လူများအားလိမ်လည်ရသည့် လုပ်ငန်းကို လုပ်ကိုင်သည့် ကုမ္ပဏီဖြစ်ပြီး အလုပ်အကိုင်ရှာဖွေပေးသည့်အေးဂျင့်မှ လူငယ်များအား လိမ်လည်ပြောဆိုကာ ခေါ်ဆောင်လာခဲ့တာဖြစ်ပြီး ကုမ္ပဏီသို့ရောက်ရှိချိန်မှ စတင်ကာ ပြင်ပသို့ ထွက်ခွာခွင့်မပေးပဲ အစောင့်အကြပ်များစွာဖြင့် လုပ်ကိုင်ရကြောင်းလည်း သိရသည်။
“ကြာဖြန့် လူလိမ်အလုပ်ပါ စခေါ်တုန်းက စာချုပ်မချုပ်ရဘူးဆိုပြီး ခေါ်တယ် မသေချာမှာဆိုးလို့ သေချာအောင်မေးတော့လဲ မချုပ်ရဘူးဆိုပြီးပြောတယ် ခေါ်တဲ့အစ်မက အဲ့ဒီကရှယ်ယာဝင်ရဲ့ ရည်းစားပါ၊ တိုက်က ၇ လွှာရှိတယ် အပေါ်ဆုံးအလွှာက သူဌေးတွေနေတယ် ၆ လွှာက အလုပ်သမား၊ ၅လွှာလဲအလုပ်သမား၊ ၄လွှာအလုပ်သမား၊ ၃လွှာက အလုပ်ခန်း၊ ၂လွှာက ထမင်းစားဆောင်၊၁လွှာက လုံခြုံရေး၂ထပ်ပါ”ဟု အဆိုပါ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်ရင်း ထွက်ပြေးလွတ်မြောက်ခဲ့သူ တစ်ဦးကဆိုသည်။
အဆိုပါ ကုမ္ပဏီတွင် လုပ်ကိုင်နေသူများသည် အလုပ်သမားတစ်ဦးသည် တနေ့လျှင် လူ ၃ ဦးခန့် လိမ်လည်ရပြီးအွန်လိုင်းပေါ်မှ မော်ဒယ်ပုံများယူသုံးကာ Facebook ၊ Twitter စသည့် ဆိုရှယ်လူမှုကွန်ရက်များတွင် နိုင်ငံခြား Bitcoin ရင်းနှီး မြှုပ်နှံမှုဟု ပြောဆိုကာ ငွေလိမ်လည်ရခြင်းဖြစ်ပြီး ငြင်းဆန်မှု ပြုလုပ်ပါက ရိုက်နှက်ခံရကြောင်း သိရသည်။
” အခုက ဘယ်သူမှ အဲ့အလုပ်မဖြစ်ကြပါဘူး လူရှာရလဲခက်ပါတယ် ပြီးတော့ လုံခြုံရေးတွေကလဲ အိမ်သာသွားတာကအစ လိုက်ပါတယ် အခန်းထဲအခန်းပြင်လဲ မထွက်ရဘူး အလုပ်ခန်းနဲ့အိပ်ခန်း ထမင်းစားခန်းပဲ သွားရပါတယ်၊ အနောက်ကလဲ လုံခြုံရေးပါ ပါတယ်၊ ရိုက်ခံရတယ် သံတုတ်နဲ့ရိုက်ပါတယ်၊ တရုတ်သူဌေးတွေက လုံခြုံရေးတွေကို ရိုက်ခိုင်းပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့အပြင် အဆိုပါကုမ္ပဏီမှ ထွက်ပြေးလွတ်မြောက်ရန် ကြိုးစားရာမှာလည်း လွတ်မြောက်သူတချို့ ရှိခဲ့ပြီး ပြန်လည်ဖမ်းဆီးခံရသူတစ်ချို့လည်း ရှိခဲ့သည်။
“အစ်မ သူငယ်ချင်းတွေ ထွက်ပြေးတာလည်း ဒီ၂ယောက်ကျန်ခဲ့တယ် ထွက်ပြေးရင်ရိုက်နှက်တယ် အစ်မက အစ်မအဖွားဆုံးလို့ ခဏပြန်မယ်ဆိုပြီး ပြန်လာတာပါ သူငယ်ချင်းနှစ်ယောက်ကျန်ခဲ့တာ သူတို့နဲ့ နောက်ထပ်ခေါင်းဆောင် မြန်မာလူမျိုး နဲ့ ရန်ကုန်ကကောင်လေး၂ယောက်ရယ် ထွက်ပြေးဖို့လုပ်ကြတယ် ခေါင်းဆောင်က မင်းတို့အရင်ပြေး မင်းတို့လွှတ်မှ ငါပြေးမယ်ဆိုပြီးပြောတယ် သူတို့လဲ ထွက်ပြေးတာ ၂ယောက်က အောက်ရောက်မှ လုံခြုံရေးကမြင်သွားတော့ သံတုတ်နဲ့ လှမ်းပစ်ပေါက်ပါတယ်၊ သူတို့လဲ မရပ်ဘဲ ပြေးလို့လွတ်တာ ၂ယောက်က ဖမ်းမိသွားတာ ရိုက်ခံရတယ် ပေါင်တွေမှာရော ကျောကုန်းမှာရော ပါးတွေမှာပါ အညိုအမည်းဆွဲနေတယ် သွေးခြေလဲဥတယ် အဲ့မှာက ထမင်းဟင်းကလည်း ဝက်စာလိုပါပဲ ကျွေးတာ”ဟု ၎င်းမှ ဆက်လက်ပြောကြားသည်။
တရုတ်လူမျိုးများ အဓိက ဦးဆောင် လုပ်ကိုင်နေသည့် ကျာဖျန် ကုမ္ပဏီများသည် ဝ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်းရှိ မြို့များတွင် အများအပြားရှိကာ အေးဂျင့်များ၏ လိမ်လည်ခေါ်ဆောင်မှုကြောင့် ဝင်ရောက်လုပ်ကိုင်နေကြသည့် လူငယ်များသည် ငရဲခန်းတမျှ ဖိနှိပ် နှိပ်စက်မှုများကို ခံနေရတာပဲ ဖြစ်သည်။
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #ဝပြည်နယ် #ငွေလိမ်လည် #တိုက်ပိတ်