ဝက်လက်မြို့နယ်ရှိ ရွှေပန်းကုံးရဲစခန်းကို သိမ်းပိုက်နိုင်ခဲ့ကာ စခန်းမှူး အပါအဝင် သုံ့ပန်း (၁၆)ဦး အရှင်ဖမ်းဆီးရမိသည်ဟု NUG- MOD ထုတ်ပြန်

Author အဂ္ဂ
Categories
Published on Nov 28, 2023

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးကျေးရွာ ရဲစခန်းကို နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကာ စခန်းမှူး၊ ဒုရဲအုပ်နှစ်ဦး အပါအဝင် သုံ့ပန်း (၁၆) ဦးကိုပါ ဖမ်းဆီးရမိခဲ့သည်ဟု အမျိုးသားညီညွှတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန (NUG- MOD) က ယနေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။

 

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို အမှတ်(၁) စစ်ဒေသ၊ ရွှေဘိုခရိုင်ကွပ်ကဲရေး၏ ကွပ်ကဲမှုဖြင့် ရွှေဘိုခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၅) တပ်ရင်း၊ မန္တလေးခရိုင် အမှတ် (၄) တပ်ရင်းနှင့် ဝက်လက်မြို့နယ် (ပကဖ) တို့က နိုဝင်ဘာ (၂၁) နံနက် (၂) နာရီ (၁၅) မိနစ်အချိန်မှ (၃) နာရီ (၄၀) မိနစ်ခန့်အထိ အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ သုံးဦးသေဆုံးကာ စခန်းမှူးအပါအဝင် သုံ့ပန်း(၁၆) ဦး ဖမ်းဆီးရမိခဲ့ပြီး ပူးပေါင်းတပ်များဘက်မှလည်း ရဲဘော်တစ်ဦး ကျဆုံးကာ (၁၅) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

 

စခန်းကိုသိမ်းပိုက်နိုင်ပြီးသည့်နောက်တွင် လက်နက်ကြီး၊ လက်နက်ငယ် အလက် (၃၀) ကျော်၊ ကျည်ပေါင်း (၆၀၀၀) ကျော်နှင့်  အခြားခဲယမ်းအမြောက်အမြားအပြင် ငွေသားနှင့် ဆိုင်ကယ်များကိုပါ သိမ်းဆည်းနိုင်ခဲ့သည်ဟု ဆက်လက် ဖော်ပြထားသည်။