ဝက်လက်မြို့နယ်မှ စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး၏ တီးတိုးသံ
***အခုတော့ မရှောင်ရတော့ဘူး။ စစ်ကြောင်းကဝေးသွားပြီလေ။ ဘယ်လိုကြုံခဲ့ရလဲဆိုတော့ အဲဒီစစ်ကြောင်းက အစ်မတို့ရှေ့မှာ ရွှေမျောတွေရှိတယ်။အဲဒီတော့ကြ ဟင်္သာကြီးဘက်ကနေ အစ်မတို့ဆီကို တည့်တည့်ကြီးတက်လာတာ။ တက်လာတဲ့အခါကြ တဲတွေမီးရှို့တာပေါ့။ လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေပါကြားရတာလေ။ အဲဒီတော့ကြ အစ်မတို့က တောင်ခြေဘက်ပြေးရတာပေါ့။ လူတွေကလည်းအများကြီးပဲပေါ့။ သက်ကြီးရွယ်အိုတွေရော၊ ကလေးငယ်ပေါက်စတွေရော၊ သူ့လည်းငါမကယ်နိုင်၊ ငါ့လည်းသူ့မကယ်နိုင် ပြေးတာပဲ။ ပြေးနေရတာတော့ အကြိမ်ရေပေါင်းကို မရေနိုင်တော့ဘူး။ အခုကတော်သေးတာ မနက်ခင်းလေးပြေးရလို့။ ဟိုတုန်းက ည ၉ နာရီတွေရော၊ ၁၂ နာရီတွေပါပြေးရတာ။ မပြေးလို့လည်းမရဘူးလေ။ လက်နက်ကြီးတွေနဲ့အသားကုန်ထုတာ။
***မိသားစုဝင်ထဲမှာဆုံးရှုံးတဲ့လူ ရှိခဲ့တာပေါ့။ ရှိခဲ့တာပေါ့ဆိုတာက အစ်မသမီးလေးက ဝက်လက်မြို့နယ်အရှေ့ခြမ်းက အဖွဲ့တစ်ဖွဲ့ထဲမှာ ဝင်လိုက်တာလေ။ ဝင်လိုက်တဲ့အခါကြတော့ သူတို့ဆရာတစ်ယောက်က အစ်မတို့ရွာအနောက်ဘက်ကရွာကို စစ်တပ်ကဝင်တဲ့အချိန် ကျည်မှန်သွားတာပေါ့။ အစ်မတို့ဆီမှာ ဆေးပေးခန်းမရှိတော့၊ ရှိတာနဲ့ပဲကုရတာပေါ့။ သမီးလေးက ၁၄ နှစ်နဲ့ နှစ်လပဲရှိသေးတာ။ သင်တန်းကတိုက်ခိုက်ရေးသာပေးထားတာ တိုက်ပွဲထဲမခေါ်တော့ သူတို့လည်းပြေးရတာပေါ့။ အဲဒီလိုပြေးရတဲ့အခါကြတော့ သမီးလေးကပြောတယ်ပေါ့လေ။ အမေရယ်သမီးတို့က သင်တန်းတက်ထားရတာ။ သူတို့ကို ဘာမှမကူမညီနိုင်သေးဘူး။ ဆရာကလည်း ကျည်မှန်ထားတော့ ဆေးသင်တန်းတက်မယ်ဆို လိုက်မယ်ဆိုရင် ပို့ပေးမယ်ပြောတော့၊ သူတို့ ၉ ယောက်တစ်ဖွဲ့သွားရင်း လမ်းမှာစစ်တပ်နဲ့တွေ့ပြီး ဖမ်းပြီးသတ်ခံလိုက်ရတာပေါ့လေ။
***လိုအပ်တာပေါ့ မိတ်ဆွေအပေါင်းအသင်းမှမရှိတာ။ ပြေးရတာက တစ်ရွာတည်းမှမဟုတ်တာ။ ကုလားမ၊လက်ကောက်ကျ၊ စခန်းသာ၊ ဂွေးပင်ကုန်း၊ အကုန်ပြေးရတာလေ။ သူ့, ကိုယ်မသိ ကိုယ့်, သူမသိတွေလေ။ တစ်ချို့ဆိုရင် စားစရာသောက်စရာမပါဘူး။ ဝယ်စားရအောင်လည်း စျေးဆိုင်တွေကပိတ်။ အစ်မတို့ဆိုလည်း မြေပေါ်အခင်းခင်းအိပ်ရတာ။ ပြေးရတာကတော့ အရင်ကတော့လေးယောက်ပေါ့လေ။ သမီးလေးမရှိတော့ သားလေးပဲကျန်ခဲ့တာပေါ့။