ဝက်လက်တွင် စစ်ကောင်စီက စစ်ကြောင်းခြောက်ကြောင်း အင်အား(၆၀၀) ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးကာ နယ်မြေထိန်းချုပ်ရန် ကြိုးပမ်းနေ

Author အဂ္ဂ
Categories
Published on Sep 05, 2023

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းခြောက်ကြောင်း အင်အား(၆၀၀) ဝန်းကျင်ခန့်ဖြင့် နယ်မြေစိုးမိုးနိုင်ရင် စစ်ကြောင်းထိုးကြိုးပမ်းနေကြောင်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသော ပညာ့အလင်းအဖွဲ့ ပြောကြားချက်အရ သိရသည်။

ဝက်လက်နယ် အရှေ့တောင်ခြမ်းတွင် စစ်ကြောင်းသုံးကြောင်းရှိနေပြီး ဝက်လက်အရှေ့မြောက်ခြမ်းတွင်လည်း စစ်ကြောင်းသုံးကြောင်း စုစုပေါင်း အင်အား(၆၀၀) ဝန်းကျင်ခန့်ဖြင့် ဝက်လက်နယ် အရှေ့မြောက်ခြမ်းနှင့် အရှေ့တောင်ခြမ်းနေရာများကို ပိတ်ဆို့ဖြတ်တောက်ကာ နယ်မြေရှင်းလင်းရေးပုံစံများ လုပ်ဆောင်ပြီး နယ်‌မြေထိန်းချုပ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

“ခုလိုစစ်ကြောင်းကြောင့် တော်လှန်ရေးအင်အားစုတွေ လက်နက်ခဲယမ်းလိုအပ်ချက်တွေဖြစ်တယ်၊ စစ်ရှောင်တွေလည်း ရာသီဥတုအခက်အခဲကြောင့် စားနပ်ရိက္ခာခက်ခဲခြင်း၊ တိမ်းရှောင်ရခက်ခဲခြင်း၊ ဆေးဝါးကုသမှုခက်ခဲခြင်း စတဲ့အခက်အခဲတွေအများကြီး ဖြစ်နေပါတယ်”ဟု ပညာ့အလင်းအဖွဲ့ ဦးဆောင်သူ ဆရာဒီနေက CJ Platform သို့ပြောသည်။

အဆိုပါ စစ်ကြောင်းခြောက်ကြောင်းသည် ဝက်လက်နယ် အရှေ့တောင်ခြမ်းရှိ ရှိမ်းမကားခွေးခြံ ပတ်ဝန်းကျင်တွင် အထိုင်ချ တပ်စွဲကာ နေရာသုံးနေရာ၌ နေရာယူထားသည်ဟုသိရသည်။ ထို့အပြင် သံလမ်းနှင့်နီးသော ပေါက်ကန်ဘူတာ၊ သာလိုင်း၊ သုံးဆင့်ကန် စသောရွာများတွင်လည်း အသီးသီးနေရာယူတပ်စွဲထားသည့်အပြင် တပ်သာ(ရှေ့) ကျေးရွာအနီးတွင်လည်း အင်အား(၁၅၀) ခန့်ပါသော စစ်ကြောင်းသည် ဘုန်းကြီးကျောင်းနှင့် အမှတ်(၃) ကားလမ်းတလျှောက်ဖြန့်ကျက်နေရာယူထားသည်ဟု ဆရာဒီနေက ဆက်ပြောသည်။

ယနေ့ည ရှစ်နာရီဝန်းကျင်တွင်လည်း စစ်ကောင်စီတပ်သားများသည် အထိုင်ချထားရာ နေရာများဖြစ်သော တပ်သာ(ရှေ့) ရွာမှ တစ်မိုင်ကျော်အကွာရှိ တမာကန်ကျေးရွာသို့ ကား၊ဆိုင်ကယ် များဖြင့် ဝသ်ရောက် လှုပ်ရှားနေသည့်အပြင် ဝက်လက်နယ် အနောက်ခြမ်း ပေါက်ကန်ဘူတာမှ စစ်ကောင်စီတပ်သားများကလည်း အနီးရှိ ရေသောက်ကန်ကျေးရွာသို့ ဆိုင်ကယ်များဖြင့် သွားလာလှုပ်ရှားနေကြောင်း သိရသည်။

ဝက်လက်နယ်တွင် သောင်းကျန်းနေသော စစ်ကောင်စီတပ်သားများသည် စစ်ကိုင်းမြို့နယ်ကို မန္တလေး -မြစ်ကြီးနား ရထားသံလမ်းတလျှောက်ရထားလမ်းပြင်ရင်း ဖြတ်သန်းခဲ့စဉ်ကလည်း အနီးရှိ ကျေးရွာများကို ဝင်ရောက်ပစ်ခတ်ခြင်း၊ နေအိမ်များမီးရှို့ခြင်း၊ အရပ်သားပြည်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းများ တောက်လျှောက် လုပ်ဆောင်ခဲ့သေးသည်။