ဝက်ထီးကန်မြို့ရှိ ကျေးရွာများတွင် ပြည်သူ့စစ်သင်တန်းတက်ရန် လူစုစောင်း၊ ပြည်သူ့စစ်အငှားတစ်ဦးလျှင် ကျပ် ၁၅ သိန်းတောင်း

Author လင်းသစ်
Categories
Published on Feb 07, 2024

အပူတပြင်းအင်အားစုဆောင်းနေသော စစ်ကောင်စီသည် ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့ရှိ ကျေးရွာများတွင် ပြည်သူ့စစ်(ပျူစောထီး)သင်တန်းတက်ရောက်ရန်လူစုစောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။

 

ယင်းမြို့အတွင်းရှိ နှောကန်နှင့် ပင်နီပင်ကျေးရွာအုပ်စုတို့တွင် ပြည်သူ့စစ်သင်တန်းတက်ရန် လူ ၂ ဦး မှ ၃ ဦးပေးရန် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် စေခိုင်းထားကြောင်း ၎င်းတို့က ဆိုသည်။

 

ဖေဖော်ဝါရီလ ၄ ရက်နေ့က နှောကန်အုပ်စု အုပ်ချုပ်ရေးမှူးမှတစ်ဆင့် အစည်းအဝေးခေါ်ယူပြီး အုပ်စုအတွင်းမှ  ရပ်ကွက်တစ်ခုလျှင် ပြည်သူ့စစ် သင်တန်းတက်ရောက်ရန် လူ သုံးဦးပေးရမည် ဟု ပြောကြောင်း နှောကန်အုပ်စုအတွင်း နေထိုင်သူတစ်ဦးက CJ Platform သို့ ပြောသည်။

 

“တစ်ရပ်ကွက်ကို လူသုံးယောက်ပေးရမယ်။ လူကိုယ်တိုင် လိုက်ချင်လိုက်၊ ငှားထည့်ချင်ထည့်ပေါ့။ ငှားရင်လည်း တခြားကမငှားရဘူး။ ကိုယ့်ရပ်ကွက်ထဲက လူပဲ ငှားထည့်ရမယ်။ (ဖေဖော်ဝါရီ) (၇)ရက်နေ့ စာရင်းပေးရမယ်” ဟု နှောကန်အုပ်စုတွင် နေထိုင်သူတစ်ဦးက ပြောသည်။

 

နှောကန်အုပ်စုအတွင်း နှောကန်၊ အာဇာနည်၊ ကြို့ကုန်း အရှေ့၊ အနောက်၊ ထန်းကုန်းနှင့် ကပ်မြှောင်ဟူ၍ ရပ်ကွက် (၅) ခုရှိကြောင်း သိရသည်။

 

တစ်ရပ်ကွက်လျှင် လူသုံးဦး မပေးနိုင်ပါက အငှားတစ်ဦးလျှင် ကျပ် ၁၅ သိန်းပေးရမည်ဟုဆိုသည့်အပြင် မိမိဆန္ဒအရ သင်တန်းတက်ရောက်ရန် စာရင်းပေးသည့် အိမ်မှလွဲ၍ တစ်အိမ်လျှင် ကျပ် လေးသောင်း ပေးဆောင်ရမည်ဟု အုပ်ချုပ်ရေးမှုးကပြောသွားကြောင်း ဒေသခံများက ဆိုသည်။

 

သို့သော် စစ်ကောင်စီလက်အောက်ခံများ နောက်ဆုံးစာရင်းပေးသွင်းရန် သတ်မှတ်ထားသည့် ယနေ့ ဖေဖော်ဝါရီ ၇ ရက်အထိ နှောကန်ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့မှလွဲ၍ စာရင်းပေးသွင်းသူမရှိသေးကြောင်း သိရသည်။

 

အလားတူ ပင်နီပင်အုပ်စု၊ ညောင်ပင်လှကျေးရွာတွင်လည်း အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ဖေဖော်ဝါရီ ၄ ရက်နေ့က အစည်းအဝေးပြုလုပ်ခဲ့ပြီး ပြည်သူ့စစ်(ပျူစောထီး)သင်တန်းတက်ရန် တစ်ရွာလျှင် လူနှစ်ဦး ပေးခိုင်းသည်ကို မပေးနိုင်ပါက လူတစ်ဦးလျှင် ကျပ်(၁၅)သိန်းနှုန်းဖြင့် သိန်း(၃၀)ပေးရန် ရွာခံများကိုပြောကြောင်း ယင်းရွာခံများထံမှ သိရသည်။

 

အုပ်ချုပ်ရေးမှူးပြောစကားအရ ပိုက်ဆံပေးလျှင် လူပေးရန်မလိုဟု နားလည်ထားကြောင်း အစည်းအဝေးတက်ရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

 

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ပဲခူးတိုင်း(အနောက်ခြမ်း)၊ ပြည်မြို့ရှိ နယ်မြေခံတပ်ရင်းခန်းမ၌ ပြည်သူ့စစ်(ခေါ်) ပျူစောထီး တပ်ဖွဲ့ဝင်များကို အခမ်းအနားဖြင့် လက်နက်တပ်ဆင်ပေးခဲ့ပြီး ပြည်သူ့စစ်အင်အား ၃၀၀ ခန့်တက်ရောက်ခဲ့သော ယင်းပွဲသို့ စစ်ကောင်စီ၏ ပဲခူးတိုင်း ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်တို့တက်ရောက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ဖေဖော်၀ါရီ ၂ ရက်နေ့ကလည်း ပဲခူးတိုင်း(အရှေ့ခြမ်း)ရှိ ပြည်သူ့စစ်(ခေါ်) ပျူစောထီး သင်တန်းဆင်းများကို တောင်ငူ လေတပ်စခန်းဌာနချုပ် အားကစားခန်းမတွင် လက်နက်တပ်ဆင်ပေးခဲ့ကြောင်း သိရသည်။