လှိုင်သာယာ ၂၀ ရပ်ကွက်ရုံးတွင် ဗုံး သုံးလုံးပေါက်
ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၂၀ ရပ်ကွက်ရုံးတွင် ဗုံးသုံးလုံးပေါက်ကွဲကြောင်း ယင်းရပ်ကွက်အတွင်းနေသူများထံမှ သိရသည်။
ယမန်နေ့ ဇန်နဝါရီ ၂၂ ရက် ည ၈ နာရီကျော်က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အဆိုပါရုံးအတွင်း ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“ည ၈နာရီကျော်ကျော်လောက်က စကြားရတာ။ တစ်လုံးပြီး တစ်လုံးပဲ။ ရပ်ကွက်ရုံးမှာ ပေါက်တာ။ သုံးခါဆက်ပဲ။ ရုံးထဲက လူတွေတော့ အပြေးအလွှားတွေပဲ။ ဒဏ်ရာတွေရတာ၊ လူနာတင်ကားတွေ၊ ဘာတွေလာတာတော့ မတွေ့မိဘူး” ဟု လှိုင်သာယာ ၂၀ ရပ်ကွက်ရုံးအနီးနေသူတစ်ဦးက ပြောသည်။
ယနေ့ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းအထိ ဗုံးပေါက်ကွဲရာ ရပ်ကွက်ရုံးအနီးတဝိုက်ကို စစ်ကောင်စီတပ်သားများ စစ်ဆေးနေဆဲဖြစ်ပြီး အဓိကလမ်းမကြီးတစ်ခုဖြစ်သော အနော်ရထာလမ်းမတစ်လျှောက် အစစ်အဆေးများနေကြောင်း သိရသည်။
“အခုထိစစ်နေတုန်း။ ရုံးနားတဝိုက်ကိုတော့ ပိုစစ်နေတယ်။ အလုပ်သွားမယ့်သူတွေကိုရော။ ကားတွေလည်း တော်တော်များတယ်” ဟု ၂၀ ရပ်ကွက်နေသူတစ်ဦးက ပြောသည်။
အလားတူ ဇန်နဝါရီ ၂၂ ရက် ည ၁၀ နာရီခန့်ကလည်း ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ဘုရင်နောင်တံတားထိပ်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သေးသည်။
ထိုပေါက်ကွဲမှုများနှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကပြုလုပ်ခြင်းဖြစ်သည်ကို လက်ရှိအချိန်အထိ ထုတ်ပြန်လာခြင်းမရှိသေးပေ။