လှိုင်သာယာ ကြံ့ခိုင်ရေးပါတီရုံး ဖောက်ခွဲတိုက်ခိုက်ခံရ၊ ထိခိုက်မှုရှိနိုင်ဟုဆို

Author ကိုထက်
Categories
Published on Dec 12, 2023

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ထီးလှိုင်ရှင်အိမ်ရာအနီးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး(ကြံ့ခိုင်ရေး) ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက် နေ့လယ်ပိုင်းက ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရကြောင်း စစ်ဆင်ရေးဖော်ဆောင်ခဲ့သော Dark Shadow အဖွဲ့ထံမှ သိရသည်။

 

ရုံးရှေ့ မှတ်တိုင်အနီးက ကြံ့ခိုင်‌ရေးပါတီ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရုံးကို Dark Shadow တပ်ဖွဲ့နှင့် မဟာမိတ် GOD/မြို့ပြတော်လှန်ရေး အင်အားစုတို့က ပူးပေါင်း၍ အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်၊

 

“အထိအခိုက်ရှိနိုင်တယ်။ လူနာတင်ယာဉ်လာတယ်” ဟု DarkShadow တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

အဆိုပါ ရုံးခန်းတွင် အရပ်ဝတ်များဖြင့် အသွင်ယူထားသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အမြဲစုစည်းတွေ့ဆုံရုံးထိုင်ရာ စားကျက်နေရာဖြစ်ပြီး အပြစ်မဲ့ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များကို အစဉ်တစိုက် အန္တရာယ်ပေးနေသူများ စုဝေးရှိနေသောကြာင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း DarkShadow အဖွဲ့က ထုတ်ပြန်သည်။

 

“နေ့ခင်းဘက်လောက်က အဲဒီရုံးဘက်ကပဲကြားရတာ။ အသံတော်တော်ကျယ်တယ်။ လူနာတင်ကားတွေလာနေတာလည်း တွေ့ရတယ်။ အထိအခိုက်တော့ရှိမယ်ထင်တယ်” ဟု လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် နေသူတစ်ဦးက ပြောသည်။

 

ထိခိုက်မှုရှိနိုင်သည်ဟု ဆိုကြသော်လည်း လုံခြုံရေးအ‌ခြေအနေအရ ထိခိုက်မှုစာရင်းကို အတိအကျပြောကြားနိုင်ခြင်းမရှိကြပေ။

 

ပြည်သူများအနေဖြင့် ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူး အရပ်ဝတ်အသွင်ယူထားသူများ စုစည်းရာ အဆောက်အဦများအနီးသို့ သွားလာခြင်း ရှောင်ကြဉ်ကြရန်နှင့် ယခုကဲ့သို့ ဖြစ်စဉ်များ မိမိနေထိုင်/ရောက်ရှိရာ အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်ပါက လုံခြုံစိတ်ချရသည့်နေရာမှသာ စောင့်ကြည့်ကြပါရန် မေတ္တာရပ်ခံကြောင်း Dark Shadow တပ်ဖွဲ့၏ ထုတ်ပြန်ချက်အတွင် ဖော်ပြထားသည်။

 

ဓာတ်ပုံ-CJ