လှိုင်သာယာ၌ ရပ်ထားသော ကုန်ကားတစ်စီးပေါ်ရှိ ဖွဲအိတ်များကြား ပုတ်ပွသေဆုံးနေသော အလောင်းသုံးလောင်းတွေ့ရှိ

Author မေ
Categories
Published on Oct 22, 2022

ရန်ကုန်တိုင်း ဒေသကြီး ၊ လှိုင်သာယာမြို့နယ်၌ အောက်တိုဘာ ၂၁ရက်က ရပ်ထားသော ကုန်ကားတစ်စီးပေါ်ရှိ ဖွဲအိတ်များကြား ပုတ်ပွသေဆုံးနေသော အလောင်းသုံးလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၂၁ရက် နေ့လည်ပိုင်းက လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ ကနောင်မင်းသားကြီးလမ်းရှိ၊ ရွှေလင်ဗန်း စက်မှုဇုန် ကော်မတီရုံးရှေ့၌ ရပ်တန့်ထားသော ဟီးနိုး အမျိုးအစား ကုန်တင်သည့် ၆ဘီးယာဉ်ပေါ်အတွင်းမှ အပုပ်နံ့များ ဆိုးရွားစွာ ထွက်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့နောက် အနီးနားရှိသူများက ဝိုင်းဝန်းရှာဖွေကြရာ ဟီးနိုးယာဉ်ပေါ်၌ တင်ထားသော ဂျင်းအိတ်၊ ဖွဲအိတ်များ အကြားမှ ပုတ်ပွ၍ သေဆုံးနေသော အမျိုးသား အလောင်းသုံးလောင်းအား တွေ့ရှိခြင်း ဖြစ်သည်။

” အဲ့ဒီ ရပ်ထားတဲ့ ကားကြမ်းပြင်လောက်ကနေ အပုတ်နံ့ တော်တော်ဆိုးဆိုးကြီး ရတာနဲ့ ရှာကြရင်းက အလောင်းသုံးလောင်းတွေ့တာပါ။ သေဆုံးသူတွေက ဘယ်သူတွေလဲ၊ အသတ်ခံရတာလား ၊ အခြား ဘာဖြစ်တာလဲ ဆိုတာ မသိသေးတဲ့ အပြင် ရပ်ထားတဲ့ ဒီကား ပိုင်ရှင်နဲ့လည်း အဆက်အသွယ် မရသေးဘူး ကြားတယ်”ဟု ကူညီပေးခဲ့သည့် ဒေသခံတစ်ဦးက ရှင်းပြသည်။

အဆိုပါ ဟီးနိုး ၆ဘီးယာဉ်မှာ ထိုနေရာ၌ လွန်ခဲ့သော ၃ရက်ခန့်က လာရောက်ရပ်တန့်ထားခြင်း ဖြစ်ကာ သေဆုံးသူများ၌လည်း ဒဏ်ရာဒဏ်ချက်များ မတွေ့ရဟု ၎င်းက ဆက်လက်ပြောပြသည်။

လက်ရှိ၌ ပုတ်ပွသေဆုံးနေသူ အမျိုးသားအလောင်းသုံးလောင်းအား လှိုင်သာယာ ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ထားပြီး သေမှုသေခင်း ဖွင့်၍ စစ်ဆေးနေကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးရေး ပျက်သုန်း၍ ရန်ကုန်မြို့ပေါ်၌ပင် လူသတ်၍ အလောင်းစွန့်ပစ်ခြင်း၊ လုယက်သတ်ဖြတ်ခြင်း အပါအဝင် မှုခင်းမျိုးစုံမှာ ပုံစံမျိုးစုံဖြင့် နေ့စဉ်ဖြစ်ပွားလျက်ရှိနေသည်။
3m