လှိုင်သာယာတွင် တစ်ရက်တည်းဖြစ်ပွားသည့် ယာဉ်တိုက်မှုနှစ်ခုကြောင့် ၂ ဦးသေဆုံးပြီး ၉ ဦးဒဏ်ရာရ

Author ကိုထက်
Categories
Published on Apr 03, 2024

ရန်ကုန်တိုင်း၊ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်အတွင် ဧပြီလ ၁ ရက်နေ့ကဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုနှစ်ခုကြောင့် နှစ်ဦး‌သေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ခံလူမှုကူညီရေးအသင်းဖြစ်သည့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

ယင်းနေ့ ညနေပိုင်းနှင့် ညပိုင်းတို့တွင် ဒဂုံဧရာအဝေးပြေးအနီး အလုပ်သမားဆေးရုံရှေ့နှင့် ဘီအိုစီအဝိုင်းအနီး CNG Gas ဆိုင်အနီးတို့တွင် ယာဉ်တိုက်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

“ (ဧပြီ)၁ ရက်နေ့ ညနေ ၅ နာရီလောက်က အလုပ်သမားဆေးရုံနားမှာတော့ ဆီဘောက်ဆာကားနဲ့ အဝေးပြေးခရီးသည်ယာဉ်တို့တိုက်တာဗျ။ အဝေးပြေးကား ယာဉ်မောင်းသေဆုံးတယ်။ လေးဦးဒဏ်ရာရတယ်ခင်ဗျ။ ည ၇ နာရီလောက်ကတော့ ဂက်စ်ဆိုင်နားမှာဖြစ်တာကတော့ Taxi သုံးစီးတိုက်တာဗျ။ တစ်ဦးသေ ငါးဦးဒဏ်ရာရပါတယ်” ဟု သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း တာဝန်ရှိသူက ပြောသည်။

 

ထို့ကြောင့် စုစုပေါင်း အမျိုးသား နှစ်ဦးသေဆုံးခဲ့ပြီး အမျိုးသမီး တစ်ဦးနှင့် အမျိုးသား ရှစ်ဦးတို့တွင် ခြေကျိုး၊ လက်ကျိုးဒဏ်ရာများနှင့် ပွန်းပဲ့ပေါက်ပြဲဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အမျိုးသမီးတစ်ဦး‌ကတော့ Taxi ပေါ်ကဗျ။ ခေါင်းမူးတဲ့ဒဏ်ရာလောက်ပဲရတယ်။ ကျန်တဲ့သူတွေကတော့ ကားကြားထဲညပ်တာဆိုတော့ ခြေထောက်ကျိုး၊ လက်ကျိုးဒဏ်ရာတွေပါ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

 

ဒဏ်ရာရရှိသူများကို လှိုင်သာယာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အထက်ပါလူမှုကူညီရေးအသင်းထံမှ သိရသည်။

 

ပြီးခဲ့သည့် မတ်လ ၃၀ ရက် ညပိုင်းကလည်း သန်လျင်သဘာဝရိပ်သာက ကားနှင့် YBS ၁၃၃ ယာဉ်တို့ သာကေတမြို့နယ်၊ ရတနာလမ်းမကြီးနှင့် ဧရာဝဏ်လမ်းဆုံရာတွင် တိုက်မိ၍ သံဃာတော်များအပါအဝင် ခုနစ်ဦး ဒဏ်ရာရရှိခဲ့သည်။

 

ဓာတ်ပုံ – သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း