လှိုင်သာယာက ဖမ်းခံရသည့်လူငယ်ဘေးတွဲယာဉ်မောင်းများ ပိုက်ဆံပေးမည်ဟုဆိုသော်လည်း စစ်ကောင်စီပြန်မလွှတ်ပေး၊ စစ်မှုထမ်းခိုင်းမည်ကို စိုးရိမ်နေဟု မိသားစုများဆို

Author ကိုထက်
Categories
Published on Mar 12, 2024

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်းခံရသော ဘေးတွဲဆိုင်ကယ်မောင်းသူလူငယ်အချို့ ပိုက်ဆံဖြင့် ပြန်ရွေးမည်ဟုဆိုသော်လည်း ပြန်မလွှတ်ပေးကြောင်း ကာကယကံရှင်များ၏ မိသားစုဝင်များထံမှ သိရသည်။

 

လွန်ခဲ့သည့်သုံးရက် မတ်လ ၉ ရက်က ဖမ်းဆီးခံရသူများကို မြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး ဆိုင်ကယ်သာပြန်ယူသွားခိုင်းကြောင်း ၎င်းတို့က ဆိုသည်။

 

“သူတို့(စစ်ကောင်စီတပ်သားများ)တွေ လှည့်ကင်းနဲ့တိုးတော့ ဆိုင်ကယ်အဖုံးတွေဘာတွေဖွင့်စစ်တယ်။ ချွန်တဲ့အရာပါလို့ဆိုပြီး ဆိုင်ကယ်ရော၊ လူရောဖမ်းသွားတာ။ ပိုက်ဆံတောင်းချင်လို့ဖမ်းတာလားထင်လို့ ပိုက်ဆံနဲ့ညှိကြည့်တယ်။ ဆိုင်ကယ်ပြန်ယူသွားပေါ့။ လူတော့ ပြန်မလွှတ်ပေးဘူးပြောတယ်” ဟု ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်က ပြောသည်။

 

လတ်တလော ယင်းသို့ဖမ်းဆီးခံရသူ အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသား ငါးဦးခန့်ရှိပြီး ယနေ့အထိ ပြန်မလွတ်သေးကြောင်း CJ Platform သတင်းဌာနမှ စုံစမ်းသိရှိရသည်။

 

ဖမ်းဆီးခံရသူများမှာ စစ်ကောင်စီစစ်မှုထမ်းဥပဒေအရ သတ်မှတ်အသက်အပိုင်းအခြားများတွင် ဝင်ရောက်နေသောကြောင့် စစ်သင်တန်းများဆီသို့ ရောက်သွားမည်ကို မိသားစုဝင်များက စိုးရိမ်နေကြသည်။

 

“အရင်ဆို ဘေးတွဲတွေဖမ်းရင် ဆိုင်ကယ်ပဲသိမ်းတာ။ အဲဒါကလည်း ပိုက်ဆံနဲ့ ပြန်ရွေးရင်ရတယ်။ အခုက လူတွေကိုပါဖမ်းခေါ်နေတာ။ စစ်မှုထမ်းရမယ်ဆိုပြီး၊ စစ်သင်တန်းတွေ၊ ရှေ့တန်းတွေရောက်သွားမှာတော့ အရမ်းစိုးရိမ်နေတယ်။ အခုကတော့ ဘယ်လိုမှလိုက်မရဖြစ်နေတယ်” ဟု လှိုင်သာယာမြို့နယ်၊ အမှတ် (၇) ရပ်ကွက်မှ ဖမ်းဆီးခံထားရသူ ဘေးတွဲယာဉ်မောင်းတစ်ဦး၏ မိသားစုဝင်က ပြောသည်။

 

ရန်ကုန်မြို့အတွင်း ဘေးတွဲဆိုင်ကယ်များကို လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် လေးမြို့နယ်တို့တွင် ပြည်သူများသွားလာရေးအတွက် အဓိက အသုံးပြုကြသော်လည်း စစ်ကောင်စီတပ်သားများက ဆိုင်ကယ်ဘေးတွဲများကို ဖမ်းဆီးနေသည်။ ယခုကဲ့သို့ ဖမ်းဆီးပြီး ပြန်မလွှတ်ပေးခြင်းကို ရွှေပြည်သာနှင့် ဒဂုံလေးမြို့နယ်တို့တွင် ဖြစ်ပွားဖူးခြင်းမရှိသေးကြောင်း မြို့ခံအချို့ထံမှ သိရသည်။

 

စစ်ကောင်စီတပ်သားများသည် ရန်ကုန်က မြို့နယ်အချို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူများကို ၎င်းတို့၏သတင်းပေးများအဖြစ် လုပ်ခိုင်းခြင်း၊ ဝါ၊ စိမ်း၊ နီအလံများ တပ်ဆင်မောင်းနှင်းခိုင်းခြင်းများ လုပ်ခိုင်းနေသည်။

 

လတ်တလော ရန်ကုန်နှင့် မြို့ကြီးများတွင် စစ်ကောင်စီတပ်သားများသည် စစ်မှုထမ်းဥပဒေအကြောင်းပြပြီး ဖမ်းဆီးငွေညှစ်မှုများ ပြုလုပ်နေကြသည်။

 

ယခုနှစ် ဧပြီလအတွင်း ပထမဆုံး စစ်မှုထမ်းသင်တန်းကို သက်ပြည့်အမျိုးသား ငါးထောင်ဦးဖြင့် စတင်မည်ဖြစ်ပြီး အမျိုးသမီးများကို အပတ်စဉ် ၅ မှသာစတင်ခေါ်ယူမည်ဟု ရန်ကုန် မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ လိုက်လံဝေငှနေသည့် လက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြထားသည်။