လှိုင်မြို့နယ် EPC ရုံးတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး စစ်ကောင်စီတပ်သားအချို့ ဒဏ်ရာရရှိ

Author ကိုပေါက်
Categories
Published on Dec 10, 2022

လှိုင်မြိုနယ် အင်းစိန်လမ်းမကြီးနှင့် ကန်လမ်းထောင့်ရှိ မြို့နယ်လျှပ်စစ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်လုံခြုံရေးကင်းအား ယနေ့ ညနေ ၃နာရီကျော်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။

လှိုင်မြို့နယ်လျှပ်စစ်ရုံး အဝင် စစ်ကောင်စီတပ်သားများ လုံခြုံရေးယူထားသည့် လုံခြုံရေးကင်းတွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိသည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။

“အုံးဆိုပြီး အကျယ်ကြီးပေါက်တာ စစ်သားတွေ ပြေးထွက်လာကြတယ် ပြီးတော့ လမ်းကိုချက်ချင်းပိတ်ပြီး စစ်တာ ဒဏ်ရာရတယ်သူတွေရှိတယ်ထင်တယ် စစ်ကားတွေပါ ရောက်လာတာ သေနတ်တွေနဲ့ ဘေးပတ်ဝန်းကျင်ကို သေနတ်နဲ့ လိုက်ချိန်တာ”ဟု ရှင်းပြသည်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်သားအချို့ ဘေးဘီဝဲယာကို သေနတ်ဖြင့် ပစ်ခတ်မှုအချို့ကိုလည်း ပြုလုပ်ခဲ့သည်ဟု ဘူတာရုံလမ်းတွင်နေထိုင်သူတစ်ဦးက CJ Platform ကိုပြောသည်။

“ဗုံးပေါက်ပြီး သေနတ်သံအချို့လည်းကြားတယ် စစ်တပ်က ကြောက်လန့်ပြီး ရမ်းသမ်းပစ်တယ်လို့ ပြောကြတယ်”ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို Emerald Girls Army (EGA) ,နိင်ငံရေးအကျဉ်းသားများ အားလုံးကိုယ်စားပြု တိုက်ခိုက်ရေးအဖွဲ Freeland Attack Force (FLA) နှင့် Revolution of 21 Century အဖွဲ့များ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ပစ်ခတ်မှု့နှင့်ဗုံးပေါက်ကွဲ ၁၂ ကြိမ်ဖြစ်ခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့သည်။