လှိုင်မြို့နယ်တွင် အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ ၁၇ ဦး ဆေးရုံတင်ထားရ

Author မွန်လေး
Categories
Published on Jan 13, 2023

 

လှိုင်မြို့နယ်၊ ၁၆ ရပ်ကွက်၊ မာလာမြိုင် ၂ လမ်း၊ ရတနာစုကုမ္ပဏီပိုင် ရေခဲစက်မှ အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ ၁၇ ဦးကို ဆေးရုံတင်ထားရကြောင်း မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီ ကယ်ဆယ်ရေးအသင်းက ထုတ်ပြန်ထားသည်။

ဇန်နဝါရီ ၁၂ ရက် ည ၉နာရီကျော်မှ စတင်ကာ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် စက်ရုံပတ်၀န်းကျင်အနီးတွင် နေထိုင်သူများသည် အနံ့ဆိုးများ စတင်ရရှိကာ၊ အသက်ရှုကြပ်ခြင်း၊ မျက်လုံး စပ်ခြင်းများနှင့် မေ့လဲမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ အမိုးနီးယားယိုစိမ့်မှုကြောင့် အသက်ရှုကြပ်မေ့လဲသူ ၁၇ ဦးရှိခဲ့ကာ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၉ ဦးကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကာ၊ ကျန်အမျိုးသမီး တစ်ဦးကို မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်းက ဆိုသည်။

အမိုးနီးယား ဓာတ်ငွေ့များကို လေမှုစက်ကြီးများဖြင့် ဓာတ်ငွေ့ရှင်းလင်းရေး လုပ်ဆောင်ခဲ့ပြီး ဇန်နဝါရီ ည ၁၀ နာရီ ၄၇ မိနစ်တွင် ဓာတ်ငွေ့ရှင်းလင်းရေးလုပ်ငန်းများ ပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားချိန်၌ အနီးအနားပတ်၀န်းကျင်ရှိ သူများသည် ယင်းအနံ့အသက်များကြောင့် တစ်ခုခု ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုကြောင့် နေထိုင်နေသည့် အိမ်များမှ ထွက်ပြေးတိမ်းရှောင်သူများပင် ရှိခဲ့သည်။
ဓာတ်ပုံ-မင်္ဂလာတောင်ညွှန့်လူငယ် လူမှုကူညီကယ်ဆယ်ရေးအသင်း
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #လှိုင်မြို့နယ် #အမိုးနီးယားဓာတ်ငွေ့