လှိုင်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင် မိသားစုဝင်သုံးဦးသေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေ

Author ကိုပေါက်
Categories
Published on Oct 20, 2022

လှိုင်မြို့နယ် သီရိမြိုင် ၁၃ ရပ်ကွက် သီရီမြိုင်မှတ်တိုင်အနီးတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်မှ ဗိုလ်အပါအဝင်မိသားစုဝင်သုံးဦး သေနတ်ဖြင့်ပစ်ခတ် ခံရပြီး သေဆုံးသွားသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

စစ်ကောင်စီတပ်က ခွင့်ဖြင့်ပြန်လာစဥ် ယနေ့ နံနက်ဆယ်နာရီဝန်းကျင်က အစ်မဖြစ်သူနှင့်အပြင်မှပြန်လာစဥ် သေနတ်ဖြင့်ပစ်ခတ်ခံရတာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက CJ Platformကိုပြော သည်။

“သီရီမြိုင်မှတ်တိုင်နားမှာ အပစ်ခံရတာ သေနတ်သံတွေတောက်လျှောက်ကြားတာ လူသုံးယောက် အပစ် ခံရတာ စစ်တပ်က မိသားစုတွေလို့ ပြောတယ်”ဟု ရှင်းပြသည်။

သေနတ်ပစ်ခတ်မှု့ကြောင့် သေဆုံးသူမှာ ဗိုလ်ကြီး မြင့်ဆွေ(အမြောက်တပ် – အောင်ပန်း၊ စစ်တက္ကသိုလ်အမှတ်စဉ်-၅၃၊)ဇနီးဖြစ်သူမရတနာဦး
နှင့်တပ်သားအောင်ကိုမင်းတို့ဖြစ်ပြီး မင်္ဂလာဒုံစစ်ဆေးရုံကို လူနာတင် ယာဥ်ဖြင့်စစ်ကောင်စီတပ်က ပို့ဆောင်လိုက်သည် ဟု ရပ်မိရပ်ဖတစ်ဦးက CJ Platform ကိုပြောသည်။

“အဲ့ကောင်လေးက စစ်တပ်ထဲဝင်သွားတာကြာပြီ ခွင့်နဲ့ပြန်လာတာမကြာသေးဘူး သူ့အစ်မတွေလင်မယားနဲ့ မုန့်ထွက်စားပြီးအပြန် လမ်းမှာအပစ်ခံရတာ “ဟုပြောသည်။

လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်များသည် ၁၃ ရပ်ကွက်အတွင်းရှိ လမ်းအချို့နှင့်သီရီမြိုင်မှတ် တိုင်၌ လမ်းသွားလမ်းလာနှင့်ကားတွေကို စစ်ဆေးနေ​ကြောင်း ရပ်ကွက်နေသူတွေဆီက သိရသည်။

လှိုင်မြို့နယ်မှာ ပြီးခဲ့သည့် လက ဗိုလ်မှုးချုပ်အုန်းသွင်နှင့်သားမက်ဖြစ်သူဗိုလ်ကြီးရဲတေဇ တို့နှစ်ဦးသေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။