လှည်းကူးမြို့၊ ဘားလားကျေးရွာအ၀င်လမ်းတွင် ရိုဟင်ဂျာ ၁၂ ဦးဖမ်းဆီးခံရ

Author မွန်လေး
Categories
Published on Dec 09, 2022

 

ရန်ကုန်တိုင်း၊ လှည်းကူးမြို့၊ ဘားလားကျေးရွာအ၀င်လမ်းတွင် ဒီဇင်ဘာ ၈ ရက် ညနေပိုင်း၌ ရိုဟင်ဂျာ ၁၂ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဘားလားကျေးရွာအ၀င်လမ်း၊ သစ်ခွခြံအနီးတွင် ရိုဟင်ဂျာ ၁၂ဦး (အမျိုးသမီး ၆ဦး ၊ အမျိုးသား ၆ဦး) အား ပွဲစားများက လာရောက်ချသွားပြီးနောက် စစ်ကောင်စီ၏ သတင်းပေးများက သတင်းပေးပို့မှုကြောင့် စစ်ကောင်စီ လက်အောက်ခံ လှည်းကူးမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၈ ရက် ညနေ ၃ နာရီတွင် အငှားယာဉ်နှစ်စီးဖြင့် ရောက်လာပြီး ပွဲစားများက ယခုနေရာတွင် ချထားခဲ့ခြင်းဖြစ်ပြီး လူပွဲစားများကို ဖမ်းဆီးရန် ဆက်လက်စစ်ဆေးနေသည်ဟု ဆိုသည်။

“ လမ်းဘေးမှာ လာချသွား၊ အဖမ်းခံရတဲ့ ၁၂ ယောက်က အစားမစားရသေးတော့ နှလုံးလှ ပရဟိတက ကျွေးမွေးခဲ့တယ်။ ပြီးတော့ စစ်ကောင်စီရဲတွေက ဖမ်းသွားတယ်” ဟု မြန်မာမွတ်ဆလင် တော်လှန်ရေးအင်အားစုမှ အမျိုးသမီးတာ၀န်ခံ ရိုသင်းသင်းလှိုင်က CJ Platform သို့ပြောကြားသည်။

ဒီဇင်ဘာ ၅ ရက်တွင်လည်း ဘားလားကျေးရွာ၊ တပင်ရွှေထီးလမ်းတွင် သေဆုံးနေသည့် ရိုဟင်ဂျာ အမျိုးသား ၁၃ ဦး၏ အလောင်းကို စွန့်ပစ်ထားခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပြီး၊ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီက အောက်စီဂျင်ပြတ်လတ်သောကြောင့် သေဆုံးခဲ့သည်ဟု သတင်းဖြန့်ခဲ့သော်လည်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ ရုပ်အလောင်းများတွင် ညှင်းပန်းနှိပ်စက်ခံရသည့် ဒဏ်ရာများ၊ စစ်ဖိနပ်ရာများတွေ့ရှိခဲ့သည်။

ဓာတ်ပုံ- ပေးပို့
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လှည်းကူး #ရိုဟင်ဂျာ